နိုင်ငံတကာ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲမှာ မြန်မာရုပ်ရှင် ၅ ကား ပြမည်

ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တော်မှာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲမှာ မြန်မာနိုင်ငံက လွတ်လပ်ခြင်း အနုပညာပြိုင်ပွဲဝင် ရုပ်ရှင် ၅ ကားကို မတ်လ ၁၃ ရက်မှာ ပြသပါမယ်။

2012.03.09
film-festival-b305 International Human Rights Documentary Film Festival web site မှ ဖော်ပြချက် ဖြစ်ပါသည်။
RFA

မနေ့က Voice of Burma လို့ခေါ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အသံ DVB အကြောင်း ရိုက်ထားတဲ့ရုပ်ရှင် ပြသခဲ့ပါတယ်။ ပြီးတဲ့အခါမှာ ပြသတဲ့ရုပ်ရှင်အကြောင်းနဲ့ မြန်မာနိုင်ငံ အခြေအနေအကြောင်း ပရိသတ်နဲ့ မိမိ ဆွေးနွေးကြတယ်လို့ ဒီရုပ်ရှင်ပွဲတော်မှာ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB ရဲ့ ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဦးစိုးအောင်က ပြောပါတယ်။ မတ်လ ၁၃ ရက်မှာလည်း ရုပ်ရှင်ကားတွေပြအပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ လုပ်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီရုပ်ရှင်ပွဲတော်မှာ ပြသမယ့် မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ရုပ်ရှင်ကားတွေကတော့ ကြိုး၊ အဲဒီအခန်းဖြတ်၊ ညီညွတ်ခြင်းနှင့်လွတ်လပ်ခြင်း (Unity and Freedom) ၊ မှောင်ထဲမှာနေထိုင်ခြင်း (Stay in the Dark)၊ ကြောက်ကြောက်နဲ့ ခလုတ်နှိပ်ပါ (Click in Fear) ဆိုတဲ့ရုပ်ရှင်ကားတွေဖြစ်ပါတယ်။

ဒီနိုင်ငံတကာ လူ့အခွင့်ရေး ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာ ဆီးရီးယားနိုင်ငံက ဆရာဝန်တွေကို လူ့အခွင့်ရေးဆု ချီးမြှင့်ပါတယ်။ အဲဒီဆုကို အရင်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရခဲ့ဖူးပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံက ဦးမင်းထင်ကိုကိုကြီးလည်း တက်ရောက်နေကြောင်း သိရပါတယ်။ ရုပ်ရှင်ပွဲတော်ဟာ ဒီလ ၆ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး လာမယ့် မတ်လ ၁၅ ရက်မှာ ပြီးပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။