ငြိမ်းချမ်းရေးလုပ်ငန်းမှာ လူငယ်တွေ ပါဝင်လာမှု ဝန်ကြီး ဦးအောင်မင်း ကြိုဆို
2013.09.21

မျိုးဆက်သစ်လူငယ်တွေ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပါဝင်လာတာကို တွေ့ရတဲ့အတွက် တိုင်းပြည်တည်ဆောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အားတက်မိကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ ပြောကြားပါတယ်။
ပြည်တွင်းငြိမ်းချမ်းမူရရှိရေးအတွက် စိန်ခေါ်မူတွေရှိပေမယ့် လူငယ်တွေ ပူးပေါင်းပါဝင်လာတာကို ကြိုဆိုကြောင်း ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားမှာ ခုလိုပြောဆိုသွားတာပါ။
“ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား ပါဝင်လှုပ်ရှားနေတာတွေကို တွေ့ရတဲ့အတွက် ကျနော်တို့အစပြုခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လိုလားချက်များကို ပခုံးပြောင်းတာဝန်ယူတဲ့ မျိုးဆက်သစ်တွေ အင်အားကိုကြည့်ပြီး ဝမ်းမြောက်ကြည်နူးမိပါတယ်”
ဒီအတောအတွင်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တပ်မတော်ကလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားမှာ ကိုဌေးကြွယ်က အခုလိုပြောခဲ့တာပါ။
“အစိုးရအဖွဲ့ကနေပြီးတော့ သဘောတူပေမယ့်လို့ ကာကွယ်ရေးဦးစီးချုပ်ကနေ အမိန့်ပေးပြီးတော့ တိုက်ခိုင်းမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးဆိုတာလည်း ရရှိဖို့မလွယ်ပါဘူး၊ အဲအတွက် ကျနော်တို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အစိုးရအဖွဲ့ တက်တက်ကြွကြွ လုပ်ဆောင်နေတာကိုလည်း ကြိုဆိုပါတယ်၊ အဲလိုပဲ တပ်မတော်ကလည်း ပြည်သူနဲ့အတူ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်ကို တက်တက်ကြွကြွပါဝင်ပေးပါလို့ ဒီနေရာကနေပြီးတော့ တောင်းဆိုချင်ပါတယ်”
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အဖွဲ့အစည်း ၂၀ ကျော်က အင်အားတစ်ရာကျော်လောက်ဟာ အပြာရောင်တီရှပ်တွေကို ဝတ်ဆင်ပြီး ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့ကနေ အထက်ကြည့်မြင်တိုင် လမ်းတစ်လျှောက် ပြည်သူ့ရင်ပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ လူဦးရေငါးရာနီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာကျင်းပတဲ့ အခမ်းအနားနဲ့ ပတ်သက်လို့ Equality Myanmar က ဦးနိုင်းနိုင်းက အခုလိုပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အများကြီးဖြစ်ပွားနေတယ်၊ အဲဒီအပြင် ဘာသာရေးပဋိပက္ခတွေ ရှိနေတဲ့အတွက် ညီညွှတ်မှုက အရမ်းကိုအရေးကြီးနေတဲ့အတွက် ဒီနှစ်ကျနော်တို့ရဲ့ ဆောင်ပုဒ်အရ ငြိမ်းချမ်းရေးကနေ ညီညွှတ်ချင်းဆီဆိုတဲ့အတိုင်း ရည်ရွယ်တာပေါ့နော်”
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေအပြင် မော်လမြိုင်မြို့၊ ဖားအံမြို့နဲ့ လားရှိုးမြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။