အခြေခံဥပဒေပြင်ရေး အီတလီ ထောက်ခံ
2013.10.29
အီတလီနိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက အီတလီ အစိုးရခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် Enrico Letta နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ဝန်ကြီးချုပ်က အီတလီအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါ။
ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်၊ အီတလီမှာ ကျင်းပမယ့် ကမ္ဘာ့ကုန်စည်ပြပွဲကို တက်ရောက်ဖို့လည်း ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Emma Bonino၊ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ရာမှာလည်း မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အီတလီနိုင်ငံက ထောက်ခံအားပေးကူညီမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်စူးစီစဉ်ထားကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးရုံးက ဆိုပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို၊ ဗာတီကန်ကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
တနင်္ဂနွေနေ့ညကတော့ ရောမမြို့ မြို့တော်ခန်းမမှာ ဂုဏ်ထူးဆောင် ရောမမြို့သူဆုကို လက်ခံခဲ့ပါတယ်။
ဒီဆုနဲ့ ပတ်သက်ပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့မနက်မှာ ရောမလူထုကို မိန့်ခွန်းပြောကြားမှာဖြစ်ပြီး၊ နေ့လည်ပိုင်းမှာ ဂုဏ်ထူးဆောင် တွေးခေါ်ပညာရှင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံမှာဖြစ်ပါတယ်။