ဂျပန်သံအမတ်နဲ့ ANP ပါတီ တေ့ွဆုံ
2018.12.11

ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းဖို့ကြိုးစားရာမှာ နိုင်ငံတကာက ဖိအားပေးတဲ့နည်းနဲ့ ဖြေရှင်းလို့ရမှာ မဟုတ်တဲ့ အတွက် ဒေသခံတွေရဲ့အသံ၊ လုံခြုံရေးအခြေအနေတွေကို အသေးစိတ်လေ့လာချဉ်းကပ်ပြီးမှ ဖြေရှင်းကြဖို့ကို နိုင်ငံတကာအလယ်မှာ ကြားဝင်ရပ်တည်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama ကို ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့က ပါတီဗဟိုဌာနချုပ်မှာ ဒီနေ့ညနေပိုင်းက သီးသန့်တွေ့ဆုံဆွေးနွေးကြရာမှာ တိုက်တွန်း ခဲ့တာလို့ ပါတီရဲ့ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုး က ပြောပါတယ်။
ရခိုင်ပြည်နယ်က ပြဿနာဟာ မွတ်စလင်အရေးပြဿနာ မဟုတ်တဲ့အတွက် တရားမဝင်အခြေချနေထိုင်မှု၊ လူဦးရေအဆမတန်ပေါက်ဖွားမှု၊ အကြမ်းဖက်သမားတွေ စိမ့်ဝင်လာမှုနဲ့ လူဝင်မှုကြီးကြပ်ရေးပြဿနာရပ်တွေကို အတွင်းကျကျလေ့လာပြီးမှ အဖြေရှာလို့ရမှာဖြစ်တဲ့အကြောင်း ဂျပန်သံအမတ်ကြီးကို ပြောခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကတော့ သူ့အနေနဲ့ ဒေသတွင်းအခြေအနေတွေကို လာရောက် လေ့လာ တာဖြစ်တဲ့အတွက် ပါတီရဲ့ထောက်ပြပြောဆိုချက်တွေကို အလေးထားမှာဖြစ်တဲ့အကြောင်း ပြန်လည်ပြောဆို ခဲ့တယ်လို့ ဦးခိုင်ပြည်စိုး ကပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲမှာ မောင်တောဒေသတောင်ပိုင်းမှာ မွတ်စလင်တွေကို ပြန်လည်နေရာချမချဖို့ဒေသခံတွေက တောင်းဆိုနေတဲ့ကိစ္စ၊ ဘင်္ဂလားဒေ့ရ်ှဘက်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ရေးကိစ္စ၊ အချိန် ၆ နှစ်ကျော်ကြာ ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရတဲ့ မွတ်စလင်တွေကို ပြန်လည်နေရာချထားရေးနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအပေါ်မှာ အမြင်တွေကို မေးမြန်းဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိလာတာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ဒီနေ့မှာ ပေါက်တောမြို့နယ်က ဒုက္ခသည်စခန်းအချို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။