တာဝန်ယူမှုနဲ့တရားမျှတမှု လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော
2018.09.20

မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့အစဉ်အလာ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေချင်ဘူးဆိုရင် ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပုန်းအောင်းခိုလှုံခွင့်မပေးဘဲ အရေးယူဖို့ တာဝန်ယူရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့် (Jeremy Hunt) က ကြာသပတေးနေ့ မနေ့က ပြောလိုက်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ လူမဆန် ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ တပ်မတော် တာဝန်ရှိသူတွေကို အရေးယူဖု့ိ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ တဆက်တည်းမှာပဲ တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ အဲဒီလို အရေးယူမှု မရှိဘူးဆိုရင် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အပါအဝင် တခြားနည်းလမ်းတွေကို စဉ်းစားနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြည်တွင်းမှာ တာဝန်ခံအရေးယူမှု မရှိဘူးဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စအပေါ် ငြိမ်နေမှာ မဟုတ်ဘူးလို့လည်း ဗြိတိန်ဝန်ကြီးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ကို မိမိသွားရောက်ခဲ့ရာမှာ အာဏာပိုင်တွေက လူသူမရှိတဲ့ ပြန်လည်လက်ခံရေး စခန်းတွေကို လိုက်လံပြသခဲ့ပြီး သူတို့ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ပြောဆိုခဲ့ကြပါတယ်၊ ဒါပေမဲ့ အဲဒီလို ပြန်လာဖို့အတွက် ယုံကြည်မှုရရှိဖို့၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သူတွေအပေါ် တရားဥပဒေနဲ့အညီ အရေးယူတာကို ဒုက္ခသည်တွေ မြင်တွေ့ရဖို့ လိုအပ်ပါတယ်၊ တကယ်လို့ တာဝန်ယူမှုနဲ့ တရားမျှတမှု မရှိဘူးဆိုရင် မြန်မာနိုင်ငံရဲ့သမိုင်းဟာ ခမာနီတွေ ကမ္ဘောဒီးယားမှာ ကျူးလွန်ခဲ့သလို အမည်းစက် ထင်ကျန်ရစ်ပါလိမ့်မယ်လို့… ဗြိတိန်ဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ထောက်ခံပါသလားလို့ မေးရာမှာ… အဲဒီကိစ္စအတွက် လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုလိုအပ်ကြောင်း၊ အဲဒီလိုထောက်ခံမှု ရချင်မှရမှာ ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ တခြားနည်းလမ်းတွေကို စဉ်းစားဖို့လိုအပ်တယ်လို့ ပြောပါတယ်။
ရိုက်တာသတင်းထောက် နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သူက ပြောကြားခဲ့ရာမှာ… အဲဒီလို လုပ်ဆောင်ဖို့အတွက် တရားစီရင်ရေး လုပ်ငန်းစဉ်တွေ အဆုံးသတ်ဖို့ လိုအပ်ဖွယ်ရှိတယ်လို့ ပြန်လည်ပြောကြားကြောင်း၊ ဒါပေမဲ့ မိမိက အကျိုးသင့် အကြောင်းသင့် ပြောကြားခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်က… သူမ စဉ်းစားပါ့မယ်လို့ ပြောဆိုကြောင်းလည်း ဝန်ကြီးဟန့်က ပြောပါတယ်။
တဆက်တည်းမှာပဲ လက်ရှိအခြေအနေဟာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ် ဖူးပွင့်စ မြန်မာနိုင်ငံအတွက် သေရေးရှင်ရေး အရေးကြီးတဲ့အခြေအနေ ဖြစ်ပါတယ်၊ မြန်မာပြည်ရဲ့ တရားစီရင်ရေးစနစ်ဟာ နည်းလမ်းမှန်ကန်ပြီး ထိထိရောက်ရောက် စီရင်ဆုံးဖြတ်မှု ရှိတယ်ဆိုတာကို ကမ္ဘာကိုပြသဖို့ လိုအပ်ပါတယ်၊ ဒီအမှုမှာ အဲဒီလိုမဖြစ်ခဲ့ဘူးလို့ ယူဆစရာအချက်တချို့ ရှိပါတယ်… လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်က ပြောပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံခွင့်တောင်းခံတာကို တပ်မတော်ခေါင်းဆောင်တွေက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက… မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်တဲ့ ကြားနာပွဲတခုကို စက်တင်ဘာလ ၂၆ ရက်နေ့ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။