မြန်မာကို အရေးယူရေး ကုလမှာဆွေးနွေးမယ်လို့ ဗြိတိန်ဝန်ကြီး ပြောကြား
2018.09.21

မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ဟန့်က သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြေညာချက် တစ်စောင် မနေ့က ထုတ်ပြန်ခဲ့ရာမှာ လူမဆန်ရက်စက်မှုကျူးလွန်ခဲ့သူတွေကို တရားဥပဒေအရ မဖြစ်မနေ အရေးယူ ဖို့လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
ဝန်ကြီး ဟန့်က ရခိုင်ပြည်နယ်ကို သူကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်းနဲ့ များပြားလှတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လည်အခြေချရေးအတွက် တာဝန်ခံမှုတွေရှိလာအောင် မိမိတို့ နည်းလမ်းပေါင်းစုံ အသုံးပြုမှာဖြစ်ကြောင်း လည်း ပြောပါတယ်။
ဒါ့အပြင် နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို လာမယ့်အပတ်အတွင်း မိမိသွားရောက်တဲ့အခါ ပြစ်မှုကျူးလွန်ခဲ့သူတွေကို နိုင်ငံတကာ စည်းမျဉ်းတွေနဲ့အညီ အရေးယူဖို့ တခြားနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဝန်ကြီး ဂျရယ်မီ ဟန့်က ပြောကြားကြောင်းလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။