သတ်ဖြတ်ခံရတဲ့ အလွတ်သတင်းထောက် ကိုထက်မြတ်သူရဲ့ မိခင်နေအိမ် ချိပ်ပိတ်ခံရ

RFA Burmese
2024.11.23
သတ်ဖြတ်ခံရတဲ့ အလွတ်သတင်းထောက် ကိုထက်မြတ်သူရဲ့ မိခင်နေအိမ် ချိပ်ပိတ်ခံရ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် သတင်းထောက် ကိုထက်မြတ်သူ (ဝဲ) နှင့် ကိုဝင်းထွဋ်ဦး (ယာ) တို့အား တွေ့ရစဉ်။
Citizen Photo

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြရွာမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ အလွတ်သတင်းထောက် ကိုထက်မြတ်သူရဲ့ မိခင်နေအိမ် ချိပ်ပိတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို နိုဝင်ဘာလ ၂၃ ရက် ဒီနေ့ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက် မနေ့က နေ့လယ် နှစ်နာရီခန့်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့က ကျေးရွာတာဝန်ရှိသူတွေနဲ့ လာရောက် ဓာတ်ပုံရိုက်ပြီး ချိပ်ပိတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရွာက တာဝန်ရှိသူဆီ ရဲစခန်းကနေ ဖုန်းခေါ်တယ်။ အိမ်ချိပ်ပိတ်မယ်ဆိုပြီး ဒါပေမဲ့ အဲ့ဒီနေ့ကတော့ ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။ မနေ့ကတော့ နေ့လယ် ၂ နာရီလောက် ကားတွေနဲ့ လာပြီး ဘာစကားမှ မပြောဘူး။ သူတို့ဘာသာ စာကပ် ဓာတ်ပုံတွေရိုက် အိမ်ကို လှည့်ပတ်ကြည့်ပြီး ထွက်သွားတယ်။ ကိုထက်မြတ်သူရဲ့ အဘွားနဲ့ အမေကတော့ ပြောင်းပေးရတယ်လို့ သိရပါတယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဩဂုတ်လ ၂၁ ရက်က ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာမှာနေထိုင်တဲ့ အလွတ်သတင်းထောက် ကိုထက်မြတ်သူရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်တာကြောင့် ကိုထက်မြတ်သူနဲ့ သတင်းထောက် ကိုဝင်းထွဋ်ဦး အပါအဝင် အဲဒီနေအိမ်ကို ရောက်ရှိနေတဲ့ ဒေသခံတစ်ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်ဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး မော်လမြိုင်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်း စုစုပေါင်း တစ်ထောင်ကျော် (၁,၁၅၉) ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။