အာဆီယံဖိတ်ကြားချက် ပဋိညာဉ်စာတမ်းနဲ့မညီလို့ လက်မခံကြောင်း စစ်ကောင်စီကြေညာ

2021.10.25
အာဆီယံဖိတ်ကြားချက် ပဋိညာဉ်စာတမ်းနဲ့မညီလို့ လက်မခံကြောင်း စစ်ကောင်စီကြေညာ ၂၀၂၀ ဧပြီ ၁၄ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ပြုလုပ်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အဖွဲ့ဝင်ဆယ်နိုင်ငံ၏ အလံများနှင့် အာဆီယံ ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ်။
AFP


အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖိတ်ကြားပေမယ့်၊ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် ဝန်ကြီးကို ဖိတ်တာမဟုတ်တဲ့အတွက် လက်ခံမှာမဟုတ်ဘူးလို့ စစ်ကောင်စီက အောက်တိုဘာလ ၂၅ ရက်နေ့ညပိုင်းမှာ တုံ့ပြန်ကြေညာလိုက်ပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းအရ အစည်းအဝေးတွေအားလုံးမှာ အဖွဲ့ဝင် နိုင်ငံတွေက အဆင့်တူ၊ တန်းတူ တက်ရောက်ဖို့ ပြဋ္ဌာန်းထားတဲ့အတွက် ထိပ်သီးအစည်းအဝေးမှာလည်း အဆင့်တူတက်ရောက်ခွင့် အပြည့် အဝ ရှိတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။

အခုလိုထိပ်သီးအစည်းအဝေးမှာ အဆင့်နှိမ့်ပြီးဖိတ်ကြားတာဟာ ပဋိညာဉ်စာတမ်း နဲ့ မကိုက်ညီဘူး လို့ ဆိုပါတယ်။ ဒီကိစ္စအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းပြန် ထားပြီးပြီလို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက် အင်္ဂါနေ့က စပြီး ကြာသပတေးနေ့အထိ အွန်လိုင်းဗီဒီယိုစနစ်နဲ့ သုံးရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို မြန်မာအနေနဲ့ တက်ရောက်ဖို့ မသေချာဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို အောက်တိုဘာလ ၂၅ ရက်နေ့က ပြောပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အာဏာသိမ်း စစ်ကောင်စီက အကောင်အထည် မဖော်နိုင်တာ၊ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် ဆိုပြီး၊ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး မဖိတ်ဖို့ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ထားပါတယ်။ အထူးသဖြင့် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာတဲ့အခါ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုပေမယ့်၊ စစ်ကောင်စီဘက်က လက်မခံလို့ အာဆီယံနဲ့ စစ်ကောင်စီ အကြား တင်းမာနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီကို ဆက်ပြီး ဖိအားပေးသွားမယ်လို့လည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ဒီသီတင်းပတ်မှာ ထုတ်ပြန်ဖို့ ကြိုတင်ရေးထားတဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီ ၂၄ ရက်နေ့ ပြုလုပ်တဲ့ အာဆီယံ အထူးအစည်းအဝေး ကနေ ထုတ်ပြန် လိုက်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကတော့… မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက် ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်း တဲ့ အဖြေတစ်ခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့၊ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူး ကိုယ်စားလှယ်တစ်ဦးက ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေ ပေးဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့… ဖြစ်ပါတယ်။

ဗြိတန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ တီမော၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ ကလည်း အာဆီယံ အထူး ကိုယ်စားလှယ် အာရီဝမ်ယူဆွတ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။