စစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းမရောင်းဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ တောင်းဆို
2023.04.16
စစ်ကောင်စီထံ စစ်လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ တင်သွင်းရောင်းချနေသူတွေကို နိုင်ငံ တကာက ဒဏ်ခတ်အရေးယူပေးဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုလိုက် ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းတဲ့ နှစ်နှစ်ပြည့် ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာပါ။
တစ်ဆက်တည်းမှာပဲ NUG အစိုးရကို လေကြောင်းကာကွယ်ရေးလက်နက်တွေ အမြန်ဆုံး ကူညီထောက်ပံ့ပေးဖို့ အလေးအနက် တောင်းဆိုတယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကို မကာကွယ်နိုင်သေးတဲ့ အခုလိုအချိန်မှာ ပြည်သူတွေ ထပ်မံမသေဆုံးအောင် လေကြောင်းရန်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေကို အောက်ခြေလူထုကြားမှာ တိုးမြှင့် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ NGO တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကာကွယ်နိုင်တဲ့ အသိပညာပေးလုပ်ငန်းတွေ ကို ပြည်သူတွေကြားမှာ တိုးမြှင့်လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက် ခံရမှုမှာ ကလေးငယ် ၄၀ ဦး၊ ကိုယ်ဝန်ဆောင်သည်တွေပါတဲ့ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၁၆၈ ဦးထိ သေဆုံးခဲ့ရ တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်း တပ်ဆင်ပေးရေးနဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးနိုင်ဖို့အတွက်လည်း NUG အနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရဆဲပဲလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိဘဲ နိုင်ငံတကာတရားရုံးကို တရားစွဲဆိုနိုင်ဖို့လည်း လိုအပ်တဲ့အချက်အလက်တွေ တင်ပို့ နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။