တိုင်းမှူးအသစ် ခန့်ပြီး ရမခကို စစ်ကောင်စီ ပြန်လည်စုဖွဲ့နေ
2024.08.16

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်တွေဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူပြီးနောက် စစ်ကောင်စီက မိုင်းရယ်မြို့မှာ ရမခ တိုင်းမှူးအသစ်ခန့်ကာ ပြန်လည်ဖွဲ့စည်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရမခ တိုင်းမှူးအသစ်ကို စစ်ကောင်စီက အရှက်ပြေ ခန့်လိုက်တာလို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောပါတယ်။
"တိုင်းမှူးအသစ်ကတော့ စစ်ကောင်စီက ခန့်နေကျပဲ၊ ဒကစ လောက်ကိုင်ကျတုန်းကလည်း ဒကစလောက်ကိုင်မှူးကို ခန့်ခဲ့ဖူးတယ်၊ အခုကလည်း အရှက်ပြေပေါ့နော်၊ တိုင်းတစ်တိုင်းရှိသေးတယ်ဆိုတဲ့ အနေအထားပဲ၊ မပျောက်သေးဘူးပေါ့၊ ကျန်တာကလည်း ဘာမှမကျန်တော့ဘူး၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်း၊ မူဆယ်၊ ပြီးရင်တောင်းခမ်းတပ်နယ်လောက်ပဲ ကျန်တော့တာပါ၊ တစ်ခုပိုကောင်းသွားတာက မိုင်းရယ်၊ တန့်ယန်းနဲ့ မန်ကတ်ပေါ့နော် ရမခ တိုင်းမှူးရှိလို့ ငါတို့လာတိုက်တယ်ဆိုပြီး ဖြစ်သွားနိုင်တာပေါ့"
ရမခတိုင်းမှူးအသစ်ခန့်လိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိ ရမခ လက်အောက်မှာ သီပေါမြို့က ခမရ ၂၃ ၊ ခမရ ၅၀၃၊ ခမရ ၅၀၄၊ မူဆယ်က တပ်ရင်းတွေ၊ တန့်ယန်းက အခြေချဗျူဟာနဲ့ လက်အောက်ခံတပ်ရင်းတွေနဲ့ မန်ကတ်ရွာက တပ်ရင်း အနည်းငယ်သာရှိတော့တယ်လို့လည်း ဆိုပါတယ်။
လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ဩဂုတ်လ ၃ ရက်နေ့က MNDAA ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေ သိမ်းယူခဲ့တာပါ။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်း သုံးရာခန့် (၂၉၆ ဦး) ကို MNDAA က ဩဂုတ်လ ၁၄ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး အဲဒီ စစ်သုံ့ပန်းတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) က မိုင်းရယ်မြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ - ၆၇ ကို သွားရောက်ပို့ဆောင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ RFA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
မိုင်းရယ်မြို့ကို ဇူလိုင်လ ၁၂ နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားသလို မိုင်းရယ်မြို့နဲ့ ကပ်လျက် တန့်ယန်းမြို့မှာတော့ UWSA "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဝင်ရောက်တပ်စွဲထားပါတယ်။
မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၂၅)၊ ခြေလျင်တပ်ရင်း ခလရ (၆၇) နဲ့ ခြေလျင် တပ်ရင်း ခလရ (၂၂) စတဲ့ တပ်တွေအခြေစိုက်ထားပါတယ်။