ဘုရားသုံးဆူမြို့က စစ်ကောင်စီစုပေါင်းရုံး စီးနင်းမီးရှို့ခံရ
2023.01.24

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့လယ်မှာ စစ်ကောင်စီရဲ့ ထွေ/အုပ်ရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးအပါအဝင် စုစုပေါင်းရုံးလေးရုံး ဇန်နဝါရီလ ၂၃ ရက် မနေ့ညပိုင်းက မီးရှို့ဖျက်ဆီးခံရပြီးနောက် မြို့ပေါ်မှာ မနေ့က တစ်ညလုံးနဲ့ ဒီနေ့မနက်ပိုင်းအထိ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၃ ရက်၊ ည ၈ နာရီခွဲဝန်းကျင်မှာ ဘုရားသုံးဆူမြို့၊ ဘုရင့်နောင်လမ်းပေါ် (၂) ရပ်ကွက်နဲ့ (၃) ရပ်ကွက် မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ စည်ပင်ရုံးနဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတို့ တစ်ပြိုင်တည်း မီးရှို့ခံခဲ့ရပြီး ကောင်းကင်ထိ မြင့်တက်လာတဲ့ မီးတောက်တွေကို အဝေးကနေတောင် လှမ်းမြင်ခဲ့ရတယ် လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရုံးပေါင်းစုံကို ညဘက်ဝင်စီးတယ်။ အဲဒီအချိန်မှာ သူတို့က ဝင်တိုက်တယ်။ ကျနော်တို့က တစ်ညလုံးစောင့်တယ်။ ညကနေ ဒီမနက်အထိ ကျွံလာတဲ့ဟာကို ကျနော်တို့က ဖြတ်တိုက်တယ် ဒါပါပဲ”
“ည ၇ နာရီ၊ ၈ နာရီလောက်မှာ အသံကြားရတာပေါ့။ အသံတွေကြားရပြီး ထွက်ကြည့် လိုက်တော့ မီးတောက်တွေ တက်တက်လာတာ တွေ့ရတယ်။ ပေါက်ကွဲသံတွေလည်း အဲဒီလိုမျိုး အသံတွေကြားရ တာပေါ့နော်။ ရုံးကတော့ စုစုပေါင်း လေးရုံးလောက် မီးလောင်ပြာကျသွားတာပေါ့ အကုန်လုံး”
မီးရှို့ခံရပြီးနောက် ဘုရားသုံးဆူမြို့ပေါ်မှာ ငြိမ်သက်သွားပေမယ့် ကြာအင်းဆိပ်ကြီးမြို့နယ် နေရာတချို့မှာတော့ တိုက်ပွဲတွေ ဖြစ်နေဆဲပဲလို့ သူက ဆိုပါတယ်။
အဲဒီရုံးတွေကို ဘုရားသုံးဆူ မြို့ပြပြောက်ကျားတပ်ဖွဲ့က အရင်ဆုံး ဝင်ရောက်မီးရှို့ခဲ့တာ ဖြစ်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို ကော်သူးလေတပ်မတော် (KTLA) ရဲ့ ခြင်္သေ့တပ်ရင်း အထူးကွန်မန်ဒို ဗျူဟာစစ်ကြောင်းနဲ့ မဟာမိတ်တပ်တွေက ကြားဖြတ် တိုက်တိုက်ခိုက်ခဲ့တာလို့ KTLA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကညက စလုပ်တာပဲ။ ကျနော်တို့အဖွဲ့တွေက ပိတ်တယ်ပေါ့။ မစ်ရှင်လုပ်မယ့် ပစ်မှတ်ရဲ့ ပတ်ပတ်လည်ကို ကျနော်တို့အဖွဲ့တွေက အရင်သွားပိတ်လိုက်တယ်။ ကျနော်တို့က ရံထားတယ်။ သူတို့က ရုံးပေါင်းစုံကို ညဘက်ဝင်စီးတယ်။ အဲဒီအချိန်မှာ သူတို့က ဝင်တိုက်တယ်။ ကျနော်တို့က တစ်ညလုံးစောင့်တယ်။ ညကနေ ဒီမနက်အထိ ကျွံလာတဲ့ဟာကို ကျနော်တို့က ဖြတ်တိုက်တယ် ဒါပါပဲ”
ဘုရားသုံးဆူမြို့ပေါ်နဲ့ အနီးတစ်ဝိုက်က အခြေအနေတွေကြောင့် စစ်ကောင်စီရဲ့ လေယာဉ် တစ်စင်း ဒီမနက်ပိုင်း ပျံဝဲလာခဲ့ပေမယ့် ဒီနေ့မွန်းလွဲပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု မလုပ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညက ပစ်ခတ်မှုတွေကြောင့် အရပ်သားအမျိုးသားနှစ်ဦး ဒဏ်ရာရမှုရှိခဲ့ပေမယ့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ဘုရားသုံးဆူမြို့ပေါ်က လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ကြားတာတော့ နည်းနည်းပါးပါးထိတယ်လို့ ကြားတယ်။ အစ စင်လို့ ဘာထိလဲတော့ မသိဘူး။ အဘိုးတစ်ယောက်နဲ့ ဗိုလ်အုန်း ကွမ်းယာဆိုင်က တစ်ယောက် ထိတယ်လို့ ကြားတာ။ မီးသတ်ငြှိမ်းဖို့ဆိုတာ ပြာကျတာတော့ တွေ့ရပါတယ်။ မီးသတ်ငြှိမ်းဖို့က မီးသတ်ကားလည်း ထွက်တာမတွေ့ဘူးလေ။ သူလည်းထွက်လို့ မရလို့ ဖြစ်မှာပေါ့။ အကြောင်းစုံတော့ မသိဘူးရှင့်။ အသိ၊ သတိနဲ့တော့ သွားလာနေကြတာ ပဲလေ။ လမ်းပေါ်မှာတော့ လူတော့ပါးတယ်”
ဇန်နဝါရီလ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ ဒေသခံတချို့ ပုံမှန်အတိုင်း သွားလာနေကြပေမယ့် အရင်ရက်တွေထက် အသွားအလာ ပိုနည်းသွားတယ်၊ စျေးဆိုင်တချို့လည်း ပိတ်ထားတယ် လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် လက်ရှိ ဘုရားသုံးဆူမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေက ကင်းလှည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KTLA ရဲ့ ခြင်္သေ့တပ်ရင်း အထူးကွန်မန်ဒို ဗျူဟာစစ်ကြောင်းကတော့ ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီရဲ့ တပ်မ ၄၄ နဲ့ တိုက်ပွဲဖြစ်နေပြီး ကျုံဒိုး - ညောင်ရိပ်သာ ဒေသအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘုရားသုံးဆူမြို့က စစ်ကောင်စီရဲ့ ရုံးလေးခု တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က ဒီနေ့ မွန်းလွဲပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့် ကို RFA က ဖုန်းခေါ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ဇန်နဝါရီ ၂၃ ရက်နေ့အထိ အသွားအလာမလုပ်ဖို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ပြီး ပြည်သူလူထုကို သတိပေးထားပါတယ်။