ဒုတိယပင်လုံညီလာခံအား စစ်အစိုးရသတင်းစာဝေဖန်
2010.12.08

ဆောင်းပါးရှင် ဗညားအောင်ရဲ့ “နိုင်ငံရေးအတွေး မမှားစေချင်ပါ” ဆောင်ပါးမှာ တပ်မတော်မပါပဲ တိုင်းရင်းသားအရေး ဖြစ်တဲ့ ပင်လုံညီလာခံ ခေါ်ဖို့ ကြိုးစားတာမျိုးဟာ အန္တရာယ်ကြီးကြောင်း၊ ရေးသား ဝေဖန်ထားပါတယ်။
ဒီဝေဖန်ချက်နဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။
“ကျွန်တော် ပြောနိုင်တာ တခုကတော့ တပ်က မပါရဘူးလို့ ကျွန်တော်တို့ မီဒီယာမှာ ပြောထားတာ မရှိဘူး။ နောက်တခုက ဒီလို ပင်လုံ ညီလာခံလို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့ လုပ်တာ အန္တရာယ်ကြီးတယ်ဆိုတာ ကျွန်တော်တို့ ကောင်းအောင်လုပ်တာ ဘာလို့ အန္တရာယ်ကြီးလဲ ကျွန်တော်တို့တော့ နားမလည်ဘူးဗျ။ တပ်မတော် မပါရဘူးလို့ ကျွန်တော်တို့ဆီက အရိပ်အယောင်တောင် မထွက်ပါဘူး။ ဘယ်တုန်းကမှလဲ မပြောခဲ့ပါဘူး။ အားလုံး အဖွဲ့အစည်း၊ တိုင်းရင်းသားအားလုံး၊ နိုင်ငံသူနိုင်ငံသား အားလုံး ပါဝင်ပြီးတော့ ဆောင်ရွက်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်းဆုံး ဖြစ်မဲ့ ခြေလှမ်းတလှမ်းလို့ ကျွန်တော်တို့ ဒီလိုပဲ မြင်ပါတယ်။”
ဒီဆောင်းပါးမှာ တပ်မတော်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေ မပါဝင်ပဲ ပင်လုံညီလာခံပုံစံ ကျင်းပမယ်ဆိုတဲ့ အယူအဆဟာ အပေါစားနိုင်ငံရေး စတန့်ထက် မပိုကြောင်း၊ စေတနာကောင်းနဲ့ ကျင်းပတာ ဖြစ်လင့်ကစား ဒီညီလာခံဟာ အစိုးရကို ဆန့်ကျင်တဲ့၊ မူဝါဒ လမ်းပြမြေပုံ ၇ ချက်ကို ပျက်အောင် ဖျက်နေသူတွေရဲ့ အသုံးချခံ ဖြစ်သွားနိုင်ကြောင်း ရေးသား ဝေဖန်ထားပါတယ်။