အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်နေတဲ့အဖွဲ့များ ရှိနေ


2015.03.23
mdy-riot-305 မန္တလေးမြို့မှာ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ညကဖြစ်ခဲ့တဲ့ ဆူပူမှုအတွင်း ဖျက်ဆီးခံရတဲ့ ဈေးဆိုင်တချို့ကို တွေ့ရစဉ်
Photo:Hset Paing Toe/RFA

မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းကြားမှာ အကြမ်းဖက် မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေတဲ့ အဖွဲ့အစည်း အုပ်စုတွေရှိနေကြောင်း အစီရင်ခံစာတစ်စောင်ကို Justice Trust အဖွဲ့က ထုတ်ပြန်လိုက်ပြီး ဒီကနေ့ မနက်က ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်းမှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဒီအစီရင်ခံစာဟာ လွန်ခဲ့တဲ့နှစ်များက မြန်မာနိုင်ငံ အတွင်းဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊လူမှုရေး ပဋိပက္ခတွေ ကနေတဆင့် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာတွေ ကိုလေ့လာပြီး အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။ Justice Trust အဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက် ခဲ့တဲ့  တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အစီရင်ခံစာနဲ့ပတ်သက်ပြီး  အခုလိုပြောပါတယ်။

"လေ့လာတဲ့အခါကျတော့ အချက်အလက် တည်ဆောက်တော့ တူညီတဲ့အချက်တွေ တော်တော် များများ သွားတွေ့ရတယ်ဗျ၊ အများအားဖြင့် နေရာတော်တော်များများမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် ကို စော်ကားတယ်ဆိုတဲ့ ဇတ်လမ်းတွေစလာပြီးတော့ ပြဿနာစဖြစ်နေပြီဆိုလို့ရှိရင် အမျိုးအမည်မသိတဲ့ လူတွေ ဒေသခံမဟုတ်တဲ့လူတွေ ဝင်ရောက်လာတယ်၊ ဝင်ရောက်လာပြီးတော့ ဗလီတွေဝင်အကြမ်းဖက်မယ်၊ အဲဒီ့ကနေ လူတွေအသက်အိုးအိမ် ဆုံးရှုံးရတဲ့အနေအထားတွေ ရောက်လာတယ်၊ နောက်တောကြောင်တွေ ပစ္စည်းတွေလုတယ်၊ ဒါကပုံသေနည်း ကျနော်တို့တွေ့ရတယ်ပေါ့နော်"

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲသွေဖီအောင် တမင်ကြံစည်နေသူတွေက အခုလိုပဋိပက္ခတွေ ဖန်တီးလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ကောက်ချက်ဆွဲထားပါတယ်။

တဆက်တည်း အခုလိုအကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေကို ကာကွယ်နိုင်အောင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းပြီး တုန့်ပြန်မှုများဆောင်ရွက်ဖို့ အကြံပြုထားသလို အစိုးရအနေနဲ့လည်း တရားဥပဒေစိုးမိုးရေးအတွက် ဘာသာလူမျိုးမခွဲခြားဘဲ လူသားအားလုံးတန်းတူညီစွာ ကာကွယ်ပေးနိုင်ရေးတာဝန်တွေကို မြှင့်တင်နိုင်အောင် တိုက်တွန်းထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကို  RFA ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။