ကချင်ဒုက္ခသည်တွေကို အမေရိကန် ကူညီမည်

အမေရိကန်အစိုးရက ကချင်စစ်ပြေး ဒုက္ခသည်တွေကို အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ကူညီသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲလ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2012.03.15
mitchell_derek_us_defense_305_z.jpg မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် အဖြစ် သမ္မတ အိုဘားမား အဆိုပြုထားသော အာရှနဲ့ ပစိဖိတ် ရေးရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Derek Mitchell ဖြစ်ပါသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန

မတ်လ ၁၅ ရက် နေ့လယ်ပိုင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒဲရစ်မစ်ချဲလ်က အဲဒီလိုပြောဆိုလိုက်တာလို့ သိရပါတယ်။

ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် ပေးမယ့်ငွေကို UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးကတစ်ဆင့် ပေးအပ်သွားမှာဖြစ်ကြောင်း ဒဲရစ်မစ်ချဲလ်က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း တိုင်းရင်းသားဒေသတချို့မှာ တိုးတက်မှုတွေရှိလာပေမယ့် ကချင်ဒေသမှာတော့ အခုချိန်ထိ မတည်ငြိမ်သေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနေချိန်မှာပဲ တစ်ဘက်မှာ စစ်ပွဲတွေ ဆက်ရှိနေတာကို ကြည့်ရင် ရှေ့နောက် ကြောင်းကျိုး မဆီလျော်ကြောင်း၊ အပြစ်မဲ့ အရပ်သား စစ်ပြေးဒုက္ခသည်တွေအတွက် အမေရိကန်အနေနဲ့ စိုးရိမ်ကြောင်း ဒဲရစ်မစ်ချဲလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတဖို့လည်း အမေရိကန်အစိုးရ အထူးကိုယ်စားလှယ်က အစိုးရကို တိုက်တွန်းသွားပါတယ်။ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေ ပိုပြီးတိုးတက်လာတာနဲ့အမျှ အမေရိကန်နဲ့ မြန်မာ သံတမန်ဆက်ဆံရေးမှာ သံအမတ်ကြီးအဆင့် အပြန်အလှန် ထားရှိရေးကိစ္စကို စဉ်းစားပြီး သီးခြား သတင်းထုတ်ပြန်သွားဖို့ရှိကြောင်း ပြောကြားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။