မန်ဝိန်ကြီးမှာ စစ်ဘေးဒုက္ခသည် ၄၀၀ နီးပါးရှိနေ
2018.01.03
ကချင်ပြည်နယ် မံစီမြို့နယ်က မန်မောန်၊ မန်ဟွေ့စတဲ့ ရှမ်းရွာတွေတဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်တွေအကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မန်ဝိန်ကြီးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် အယောက် ၄၀၀ နီးပါးရှိတယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
တိုက်ပွဲတွေမကြာခဏဖြစ်နေတာကြောင့် အမြန်ဆုံးငြိမ်းချမ်းစေလိုကြောင်း မန်ဝိန်းကြီးဒေသ နောင်းလုံရွာရဲ့ ရပ်မိရပ်ဖ ဦးရွှေထွန်း က ပြောပါတယ်။
"စစ်ဘေးရှောင်တွေကတော့ အခု မန်ဝိန်းကြီး ဘုန်းကြီးကျောင်းမှာ လာတည်းနေကြတယ်။ စားရေးသောက်ရေး တွေကတော့ မန်ဝိန်းကြီး က လူပျိုတွေအကုန်လုံး ချက်ပြုတ်ကျွေးနေကြတယ်။ ကျနော်တို့ကတော့ တိုက်ပွဲတွေတော့ ရပ်တန့်စေချင်တယ်။ တိုက်ပွဲရပ်တန့်မှ ငြိမ်းချမ်းမယ်လေ။ ဒီဘက်မှာ တိုက်ပွဲခဏခဏ ဖြစ်နေတယ်ဆိုတော့ အကုန်လုံးလည်း ဘာမှမငြိမ်းချမ်းဘူးပေါ့။ ဒီဘက်မှာဆိုရင် လွတ်လွတ်လပ်လပ်လည်း မနေရဲဘူး။ ဘယ်သူမဆို အဲဒီလိုမျိုးဖြစ်နေကြတာ"
မန်ဝိန်းကြီးဒေသက မန်မောန်၊ မန်မွမ်း၊ မန်ဟွေ့၊ နမ့်ခမ်းပါ စတဲ့ရွာတွေဘက်က ရှမ်းရွာသားတွေဟာ မန်ဝိန်းကြီး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
အဲဒီဒေသဘက်က ရှမ်းတောင်သူတွေရဲ့ ကြံခုတ်ချိန်၊ ဖရဲသီး နဲ့ နွေစပါးစိုက်ပျိုးချိန် အခုလိုကာလမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ရွာတွေမှာ အိမ်စောင့်တွေပဲ ချန်ထားခဲ့ပြီး ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် ရွာတွေအနီးက တောတောင်တွေဘက်မှာ တိုက်ပွဲတွေဖြစ်နေသလို၊ ရွာထဲမှာလည်း လူတွေမနေနိုင်အောင် မိုင်းထောင်တာတွေရှိတာကြောင့် ထွက်ပြေးလာကြတာဖြစ်ပြီး လောလောဆယ် အနည်းငယ်တည်ငြိမ်နေပေမယ့် ရွာသားတွေက အိမ်ကို မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။
အဲဒီရွာတွေဘက်ကနေ ထွက်ပြေးလာကြတဲ့ ရှမ်းတိုင်းရင်းသား ၃၀၀ လောက်က မန်ဝိန်းကြီးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာဖြစ်ပြီး နမ့်ခမ်းပါရွာက ကချင်တိုင်းရင်းသား အယောက် ၁၀၀ လောက်က ခရစ်ယာန် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြတာလို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က တပ်မတော်နောက်တန်းဋ္ဌာနချုပ် တချို့ကို KIA နဲ့ TNLA တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေရှိသလို တပ်မတော်ဘက်ကလည်း လေကြောင်း ပစ်ကူတွေအသုံးပြုပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း KIA နဲ့ TNLA အဖွဲ့တွေဟာ နောက်တန်း တပ်ဌာနချုပ်တွေနဲ့ လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးကို နှောင့်ယှက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။