မန်စီမြို့နယ်တစ်ဝိုက် ရွာသားများ တရုတ်ပြည်ဖက် ထွက်ပြေးနေရ
2014.04.13

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်စပ် အနီးတစ်ဝိုက် မှာ အစိုးရတပ်မ ၈၈ လက်အောက်ခံတပ်တွေ နဲ့ ကေအိုင်အေတပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား ပြီးခဲ့တဲ့ ၁၀ ရက်နေ့က တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၈ ရွာက ထွက်ပြေး တိမ်းရှောင်သူထဲက စစ်ပြေးဒုက္ခသည် ၇၀၀ ဝန်းကျင်လောက်ဟာ နမ့်ခမ်းမြို့က မန်းဟောင်း ဘုန်းကြီးကျောင်းနဲ့ အထက ၂ ကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။
မန်စီမြို့နယ် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်သူတွေ တစ်ထောင်ဝန်းကျင်လောက်ဟာ တရုတ်ပြည်နယ်စပ်ထဲ ကိုလည်း တိမ်းရှောင်နေကြကြောင်း ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦး က ပြောပါတယ်။
"ရွာ ၁၈ ရွာလုံးလုံး တရုတ်ပြည်ဘက်ကို ရောက်နေကြတယ်၊ တစ်ထောင်ဝန်းကျင်လောက်ရှိမယ်၊ ကျနော်တို့ နမ့်ခမ်းမြို့နယ် ဒုက္ခသည်စခန်းက မန်းဟောင်းဘုန်းကြီးကျောင်းမှာတစ်နေရာ၊ အထက ၂ ကျောင်းမှာ အကူအညီတောင်းပြီးတော့ ခိုလှုံနေရတယ်၊ အထက ၂ ကျောင်းမှာ ၆ဝဝ ကျော်တယ်၊ မန်းဟောင်း ဘုန်းကြီးကျောင်းမှာ ၈ဝ ဝန်းကျင်လောက်ရှိမယ်"
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ တရုတ်နိုင်ငံနယ်စပ်ထဲ ထွက်ပြေးကြသူတွေကို ကျားဖြူပါတီနဲ့ မူဆယ်ဒေသခံတွေက စားနပ်ရိက္ခာနဲ့ တခြားလိုအပ်တာတွေ အကူအညီပေးနေတယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံထဲ ထွက်ပြေးကြသူ အရေအတွက်ကိုတော့ အတိအကျပြောဖို့ ခက်ခဲကြောင်း တရုတ်နိုင်ငံနယ်စပ်အထိ သွားရောက်ကူညီခဲ့တဲ့ ကျားဖြူပါတီ အဖွဲ့ဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးကို သတင်းထောက် မရတနာဦးက ဆက်သွယ်မေးမြန်းထားတာ ကို နားဆင်နိုင်ပါတယ်။
မန်ဝင်းကြီးဒုက္ခသည် စခန်းတာဝန်ခံ သင်းအုပ်ဆရာ ဦးဇော်လတ်နဲ့ တရုတ်ပြည်ရောက် ဒုက္ခသည်တွေကို ကူညီနေတဲ့ WNP အဖွဲ့က ဒေါ်မေရီတွမ်တို့ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။