နိုင်ငံတော်သမ္မတ ကချင်ပြည်နယ်နေ့ အခမ်းအနားကို သဝဏ်လွှာပို့


2017.01.10
kachin-state-day-620.jpg မြစ်ကြီးနားမြို့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်မှာ ဇန်နဝါရီလ ၁ဝ ရက်နေ့ကကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

နိုင်ငံတော်က ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေ အောင်မြင်အောင် ပြည်ထောင်စုစိတ်ဓါတ်နဲ့ တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ဒီကနေ့ ၆၉ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက် ပါတယ်။

မြစ်ကြီးနားမြို့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်မှာကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ သဝဏ်လွှာကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် က ဖတ်ကြားခဲ့တာဖြစ်ပါတယ်။

"ကချင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးအောင်မြင်စေဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အစိုးရနဲ့ လက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ပေးကြဖို့ လိုအပ်လျက်ရှိပါတယ်"

ကချင်ပြည်နယ်ဟာ ရွှေ၊ ကျောက်စိမ်း စတဲ့ သဘာဝသယံဇာတ ပစ္စည်းတွေပေါကြွယ်ဝပေမယ့် ပဋိပက္ခတွေဖြစ်နေ တာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ထိရောက်စွာ အသုံးမပြုနိုင်ကြောင်း၊ တိုင်းရင်းသားညီအကို မောင်နှမ အားလုံးက စိတ်ရင်းစေတနာမှန်နဲ့ ကြိုးစားကြမှသာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင် မှာဖြစ်ကြောင်းလည်း ပါရှိပါတယ်။

ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့ မြို့နယ်တွေက ဌာနေတိုင်းရင်းသားတွေ နဲ့ ဒေသခံတွေ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။