အနိုင်ကျင့် ရိုက်နှက်တဲ့ အရာရှိကိုရဲတပ်ကြပ်ကြီးက တရားစွဲမည်
2014.04.20
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် နောင်ခိုင်ရွာမှာ ဧပြီလ ၁၆ ရက်နေ့က အနိုင်ကျင့်ရိုက်နှက်ခဲ့တဲ့ ဒုတိယ ရဲအုပ်တစ်ဦးနဲ့ လူ ၅ ယောက်ကို တရားစွဲဆိုသွားမယ်လို့ အရိုက်ခံရတဲ့ ရဲတပ်ကြပ်ကြီးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။
မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲတပ်ကြပ်ကြီး ဦးချော်ရဲ့ဆီ ကို ပူတာအိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်တစ်ဦး နဲ့ လူ ၅ ယောက်က လက်ထိပ်ခတ်ပြီး ရိုက်နှက်ခဲ့ကြတာလို့ သိရပါတယ်။
ရဲတပ်ကြပ်ကြီးဦးချော်ရဲ့ဆီဟာ ပူတာအိုခရိုင် ဆေးရုံကြီးမှာ ကုသခံနေရပြီး တရားစွဲဆိုသွားမယ်လို့ မိသားစုဝင် ဦးမဲဆီးရဲ့ က ပြောပါတယ်။
"အဓိကကတော့ သေချာတာ ချော်ရဲ့ဆီကို ခေါ်ပြီးမှ လက်ထိပ်ကနောက်ခတ်ပြီးမှ လူလေး ငါးခြောက်ယောက်နဲ့ အဲ့ဒီအခု ပူတာအိုမြို့နယ်က နယ်ထိန်းနဲ့ သူ့အဖွဲ့တသုတ်နဲ့ အကုန်လုံး ရိုက်တယ်တဲ့ ချော်ရဲ့ဆီက အခုအခြေအနေဆိုးနေတယ်ဗျ၊အခု ပူတာအို ဆေးရုံကြီးမှာ ရှိနေတယ်၊ လူတစ်ယောက်ကိုနောက်က လက်ထိပ်ခတ်ပြီးမှ ရိုက်မယ်၊ကိုင်မယ်၊ကျောက်ခဲနဲ့ပေါက်မယ် ဒါဆိုတာ ဘယ်ဥပဒေမှာ မှ မရှိဘူးနော့၊နယ်ထိန်းတွေက အဲ့လိုလုပ်သင့်လား မလုပ်သင့်လားဆိုတာ ကျနော် မေးချင်တယ်"
ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဦးဗညားဦးကတော့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေ နဲ့ အညီအရေးယူဆောင်ရွက်နေပြီလို့ RFA ကိုပြောပါတယ်။
"ကျနော်တို့ကတော့နော် ရဲစည်းကမ်းထိန်းသိမ်းရေးလို့ ပြောလို့ရတာပေါ့နော်၊ကျန်တဲ့ဥစ္စာလည်း အပြင်ပုဒ်မနဲ့ ဖွင့်ထားတာပေါ့နော်၊ရိုက်နှက်တာတော့ တော်တော်လွန်တာပေါ့ ပုဒ်မ ၃၂၅ အဲ့ဒါနဲ့စွဲထားတယ် ၊အမှှုဖွင့်ထား တာကသက်သက် နောက်တခါ ကျနော်တို့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကလည်း လုပ်ထားတယ်၊သူတို့ တိုင်ထားတဲ့ တိုင်စာတွေကလည်း ဓါတ်ပုံတွေလည်းပါတယ်လေ ကာယကံရှင်မိသားစုက တိုင်ထားတာ ဥပဒေအတိုင်းပဲလုပ်ရမှာပေါ့"
ဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ ရဲတပ်ကြပ်ကြီး ဦးချော်ရဲဆီရဲ့ မိသားစုဝင်တွေက မြို့နယ် ၊ ခရိုင်၊ ပြည်နယ် အဆင့် ရဲတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို တိုင်ကြားထားသလို လီဆူတိုင်းရင်းသားရေးရာဝန်ကြီး နဲ့ လီဆူ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း တင်ပြထားတယ်လို့ သိရပါတယ်။