ဒုက္ခသည် ၂၀၀၀ ကျော်အရေး ကချင်ပြည်နယ်အစိုးရ ကူညီမည်
2015.01.21
ကေအိုင်အေနဲ့ အစိုးရစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန်မြို့နယ်က ဒေသခံ နှစ်ထောင်၂၀၀၀ ကျော်လောက်ရဲ့ စားဝတ်နေရေးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူပေးမှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ကို သွားရောက်တွေ့ဆုံစဉ်မှာ ပြောလိုက်တာဖြစ် တယ်လို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
"ပြည်နယ်အစိုးရအဖွဲ့က သူတို့မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ဒီမှာရှိတဲ့ပြည်သူလူထုတွေရဲ့ စားဖို့သောက်ဖို့ကို သူတို့လုပ်ဆောင်သွားပေးမယ်ပေါ့လေ၊ ဒါပေမဲ့ သူတို့အုပ်ချုပ်ရေးအောက်က ဖြစ်ပေမယ့်လည်း တိုက်ပွဲဖြစ် တဲ့နေရာမှာ သူတို့နဲ့အလှမ်းဝေးတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် မသွားရောက်နိုင်တာ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ သူတို့မြို့နယ်ကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးတွေက တဆင့်ပေါ့လေ လိုအပ်တာကို ကူညီပေးမယ်လို့ပြောတယ်"
ဖားကန့်မြို့နယ် အောင်ဘာလေ၊ ငှက်ပျောတော၊ ကံဆီးခေါ နဲ့ ရောင်ချိုရွာက ရွာသားတွေဟာ ကံဆီးကျေးရွာ ကို ပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပါတယ်။
အဲဒီရွာသားတွေကို ဖားကန့်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်က ကူညီဖို့ကြိုးပမ်းခဲ့ပေမဲ့ အစိုးရတပ်မတော် က သွားခွင့်မပြုဘဲ တပ်မတော်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့လည်း အသင်းတော် ကို ကတိပေးလိုက်ပါတယ်။
ဒီနေ့မှာတော့ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ကြား ပစ်ခတ်မှုတွေမရှိတော့ဘူးလို့ ဖားကန့်မြို့ခံတွေ က ပြောပါတယ်။