ကလေးမြို့ ထိုမာရွာမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ

RFA Burmese
2023.04.22
ကလေးမြို့ ထိုမာရွာမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ထိုမာကျေးရွာအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ထိုမာရွာမှာ ဧပြီလ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခြံစည်းရိုးလုပ်နေတဲ့ အသက် ၄၅ နှစ်အရွယ် ဦးမင်းမင်းသန့်နဲ့ အသက် ၃၇ နှစ်အရွယ် ဦးမျိုးထွေးတို့သေဆုံးပြီး အိမ်နီးချင်း အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၀ ဝန်းကျင်အမျိုးသမီးနဲ့ လမ်းမှာ စျေးဝယ်သွားတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ကလေးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ် အမြောက်တပ်ရင်း (၂၂၈) က လှမ်းပစ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“PDF တွေ ရွာထဲမှာလှည့်ပြီးတော့ အလှူခံတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သတင်းပို့လို့ လှမ်းပစ်တယ်ကြားတယ်။ အရင်ကလည်း ပစ်တော့ ပစ်တယ် ရွာထဲတော့မကျဘူး။ ဒါပထမဦးဆုံးအကြိမ် ရွာထဲကိုကျတာ”

တစ်ချိန်တည်းမှာပဲ ထိုမာရွာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ချင်းဆိုင်ရွာကိုလည်း လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမဲ့ ချင်းဆိုင်ရွာဘက်အခြေအနေကိုတော့ တိတိကျကျမသိရဘူးလို့ ဒေသခံတွေ ပြောသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေ ကြားခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့အထိ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အပါအဝင် ပြည်သူ ၃၄၂၇ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။