ကလေးမြို့မှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး

RFA Burmese
2023.06.21
ကလေးမြို့မှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာတစ်နေရာအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇွန်လ ၁၆ ရက်နေ့ကနေ ၂၀ ရက်ထိ ငါးရက်အတွင်း အရပ်သား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကလေးမြို့ အခြေစိုက် တပ်ရင်း - ၃၆၅၊ ခလရ  ၂၂၈၊ ဒကစ စစ်ဆေးရေးဂိတ် စတဲ့နေရာတွေကနေ ဇွန်လ ၁၄ ရက် ကနေ ၂၀ ရက်ထိ တစ်ပတ်အတွင်း လက်နက်ကြီး ၃၇ လုံးထိ ပစ်ခတ်စဉ် အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကြောင့်  ဇွန် ၁၆ ရက်မှာ သာစည်ရွာဘုန်းကြီးကျောင်းက ကိုးနှစ်အရွယ် ကလေးတစ်ဦး၊ ဇွန် ၁၈ ရက်‌နေ့မှာ ထိုမာရွာက အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၊ ဇွန် လ ၂၀ ရက်နေ့မှာ သာစည်ရွာက အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာပါ။

ကလေးမြို့ တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေလို့ တချို့လည်း ရွာတွေကနေ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကလေးမြို့တောင်ပိုင်းဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို လာထိတယ်။ ရွာတွေမှာလည်း မနေရဲကြတော့ဘူး။ လယ်ထဲမှာနေတယ်။ တချို့ကတော့ မြို့ပေါ်မှာ အိမ်ငှားနေကြတယ်"

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

လက်ရှိမှာ ကလေးမြို့တောင်ပိုင်းက  ရေလဲဦး၊ ပေါက်ခုံ၊ သာစည်၊ ဇင်းကလင်း၊ ချင်းဆိုင်၊ ထိုမာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီး အရေအတွက် ဘယ်လောက်ထွက်ပြေးနေရတယ် ဆိုတာတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။