ခွဲခြားဆက်ဆံခံနေရကြောင်း ကမန်လူမှုကွန်ရက် ကြေညာချက်ထုတ်
2018.02.26

လာမယ့် မတ်လအတွင်း ဖြေဆိုရမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကနေ ဝင်ရောက်ဖြေဆိုမယ့် ကမန်လူမျိုး ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ခုံနံပါတ်နဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ရာမှာ ဘင်္ဂါလီလူမျိုးလို့ ဖော်ပြပြီး သီးသန့်ခွဲခြားဖြေဆိုဖို့ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ထားကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ရက်က ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အခုလို ဆောင်ရွက်တာဟာ ခွဲခြားဆက်ဆံတဲ့ သဘောဖြစ်နေတယ်ဆိုပြီး ကျောင်းသားမိဘတွေဆီကနေ တိုင်တန်းချက်တွေ ရရှိထားတယ်လို့ ကမန် တိုင်းရင်းသားလူမှုကွန်ရက် ဥက္ကဌ ဦးထွန်းငွေက ပြောပါတယ်။
"အစ္စလာမ် ဘာသာဝင်တွေကို သီးသန့်အုပ်စုတစ်စု ခွဲပြီးတော့ သီးသန့်စာရင်းတွေ ထုတ်ပြန်ပါတယ်။ ဘေးမှာ ဘင်္ဂလီဆိုပြီးတော့ ကွင်းစကွင်းပိတ်လေးနဲ့ ရေးထားတာ ပါလာတယ်။ ကျောင်းသားမိဘတွေက တိုင်းရင်းသား လူမျိုးဖြစ်တယ်။ ကမန်တိုင်းရင်းသားဖြစ်တယ်။ မှတ်ပုံတင်၊သန်းခေါင်စာရင်းနဲ့ တရားဝင် ထုတ်ပြန်ထားတဲ့သူ တွေလည်း ဖြစ်တယ်ပေါ့နော်။ ဘင်္ဂလီဆိုပြီးတော့ ရေးတာခံရတယ်။ ခံရတဲ့အခါကျတော့ ဒါခွဲခြားဆက်ဆံ တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်ကို ကျောင်းသားမိဘတွေက စာတစ်စောင် ပို့လာပါတယ်"
ကျောင်းသားမိဘတွေက ပေးပို့တဲ့စာမှာ စာမေးပွဲဖြေဆိုမယ့် ကမန်တိုင်းရင်းသား ကျောင်းသားအရေအတွက် စာရင်း မပါရှိတာကြောင့် အရေအတွက် ဘယ်လောက်များများ အခုလို အခြေအနေကြုံတွေ့နေရတယ် ဆိုတာ မသိပေမယ့် အစ္စလာမ်ဘာသာဝင်တိုင်းကို သီးသန့် စာမေးပွဲဖြေဆိုခိုင်းဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
သံတွဲမြို့နယ်ပညာရေးမှူး ဦးစိုးဝင်းက အခုလို ခွဲခြားပြီးဆောင်ရွက်ထားတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန် ကြောင်း ငြင်းဆိုပါတယ်။
"ကျနော်တို့က အကုန်လုံးတူတူပါပဲ။ ခွဲခြားပြီးတော့ လုပ်တယ်ဆိုတာ ဒီခေတ်မှာ ဘယ်သူက လုပ်ရဲမှာလဲဗျာ ပြောကြည့်ပါဦး။ လူမျိုးရေး၊ ဘာသာရေး ဒီခေတ်မှာ ဘယ်သူခွဲခြားဝံ့မှာလဲ။ သံတွဲမှာ အဲလိုလုပ်လို့မရဘူးဗျ။ သံတွဲမှာ ဘင်္ဂလီဆိုတာမရှိဘူး။ ဘူးသီးတောင် မောင်တောမှာပဲရှိတာ"
သံတွဲမြို့နယ် ပညာရေးမှူး ဦးစိုးဝင်းကို ကမန်တိုင်းရင်းသားလူမှုကွန်ရက်က ဆက်သွယ်မေးမြန်းရာမှာတော့ ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းတွေကို ပြန်ဖျက်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ရရှိထားပြီး တခြားကျောင်းသား တွေနဲ့ အတူရောနှောပြီး စာမေးပွဲစစ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဦးထွန်းငွေက ပြောပါတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပညာရေးဝန်ကြီးတို့ သိရှိနိုင်ဖို့အတွက် ကမန် တိုင်းရင်းသား လူမှုကွန်ရက်က ဒီနေ့မှာ အမြန်ချောပို့နဲ့ စာပေးပို့လိုက်တယ်လို့ ပြောပါတယ်။