ကမ်းထောင်းကြီးမြို့မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး ဒဏ်ရာရ
2023.12.18

ရခိုင်ပြည်နယ်၊ ကမ်းထောင်းကြီးမြို့ထဲကို ဒီဇင်ဘာ ၁၇ ရက် မနေ့ညမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အသက် (၃၀) ကျော်အရွယ်တွေဖြစ်တဲ့ ဦးမြင့်ကိုနိုင်၊ ဦးဦးတင်မောင်း၊ ဒေါ်လင်းလင်းဆွေနဲ့ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ခင်ခင်သန်းတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ကဇုကိုင်းတံတားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ မြို့ထဲကိုပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ည ၈ နာရီလောက်မှာ ဖြစ်တာပါ။ မြို့ထဲကို လက်နက်ကြီး လေးလုံးကျတယ်။ အိမ်မှာနေတဲ့ မြို့ခံ လေးယောက် ဒဏ်ရာရသွားပါတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ ကဇုကိုင်းတံတားမှာရှိတဲ့ စခန်းကနေ ဒီအတိုင်း မြို့ထဲကိုပစ်တာပါ ”
ဒဏ်ရာရသူတွေကတော့ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ကတော့ အမ်းမြို့နယ်၊ ကဇုကိုင်းတံတားအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ဒဏ်ရာရတယ်ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြန်စဖြစ်တာ တစ်လကျော်ရှိလာပြီး တိုက်ပွဲကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရတာတွေ တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် သေဆုံးတဲ့အရပ်သား နှစ်ဆယ်ဦးရှိပြီး ဒဏ်ရာရသူ ခြောက်ဆယ်ကျော်ရှိပါပြီ။