ကန့်ဘလူမြို့နယ်က ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2022.12.21
ကန့်ဘလူမြို့နယ်က ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ကို Google Earth မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Google Earth

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးပင်သာရွာက အသက် ၁၃ နှစ်အရွယ် ခြောက်တန်း ကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၉ ရက်ညပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဇီးပင်သာရွာထဲ ဝင်လာချိန်မှာ ပုန်းအောင်းနေတဲ့ မောင်သုတဇော် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။

“ အဲဒီညက ရှစ်နာရီခွဲလောက် ရွာထဲကိုဝင်လာတာ။ ဇီးပင်သာကျေးရွာမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့မရှိဘူး။ ရွာထဲဝင်ပြီးမီးရှို့တာ။ ရွာသားတွေကတော့ပြေးကြ၊ ရှောင်ကြရတာပေါ့။ အဲဒီမှာ ကလေးတစ်ယောက်ကတော့ သူတို့တွေ့သွားပြီး ပစ်သတ်ခံလိုက်ရတယ်”

ရွာထဲက နေအိမ်သုံးလုံးလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ RFA က ဒီကနေ့ ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုနဲ့ ဖမ်းဆီးနှိပ်စက်မှု တွေကြောင့် စစ်ကိုင်းတိုင်းက အရပ်သား ၁၀၀၃ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။