မန္တလေးမှာ ကျူးကျော်အဆောက်အဦး ၁၅ဝ ကျော် ဖယ်ရှားခိုင်း


2019.05.31
kantharyar-slum-house-622.jpg မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်မှာ နေထိုင်သူတွေ ၂၀၁၉ မေ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Khaymani Win/RFA

မန္တလေးမြို့ စည်ပင်ပိုင်မြေပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ရပ်ကွက်အတွင်းက လူနေအိမ်အပါအဝင် အဆောက်အဦး ၁၅၀ ကျော်ကို ဇွန် ၇ ရက်နေ့နောက်ဆုံးထားဖယ်ပေးဖို့ စည်ပင်သာယာရေးကော်မတီက စာပေးပို့လိုက်ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြေပေါ်မှာကျူးကျော်ဆောက်လုပ်နေတယ်ဆိုပြီး ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်အတွင်းက နေအိမ်၊ မူကြိုကျောင်း၊ ပရဟိတအသင်း၊ ဓမ္မာရုံနဲ့ အခမဲ့စာသင်ကျောင်းတွေကို ဖယ်ရှားပေးဖို့ စည်ပင်သာယာရေးကော်မတီက မေ ၂၃ ရက်နေ့က အသိပေးအကြောင်းကြားစာ ပေးပို့လိုက်တာပါ။

အစားထိုးနေရာမရရင် ဖယ်ရှားမပေးနိုင်ဘူးလို့ ကံသာယာရပ်ကွက်က ဒေါ်စန်းစန်းရီက ပြောပါတယ်။

“နေခဲ့ပေမယ့်လို့ ကျမတို့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့အတွက် အိမ်ငှားခလည်း မတက်နိုင်ဘူး၊ တစ်နေ့လုပ် တစ်နေ့စားရတဲ့အတွက် ကျောင်းသားတွေနဲ့ နပ်မှန်အောင်မစားရတဲ့သူတွေ အများကြီးပါ၊ ဒါကြောင့် ဒီနေရာမှာမြေအစား ရရင်ဖယ်ပေးမယ်။ မရရင်ဖယ် မပေးပါဘူး“

အဲဒီရပ်ကွက်ထဲမှာရှိနေတဲ့ နေထိုင်သူအချို့ဟာ နှစ်ပေါင်း ၃၀ လောက်အထိ နေထိုင်လာကြတဲ့သူတွေရှိသလို အခုနှစ်ပိုင်းတွေအတွင်းမှ ပြောင်းရွှေ့လာကြသူတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဖယ်ရှားပေးရမယ့်အထဲမှာ ပါဝင်တဲ့ စာနာစိတ်ပရဟိတ အသင်းရဲ့ ဥက္ကဋ္ဌက အခုလို ပြောပါတယ်။

“အဆောက်အအုံနဲ့ ကုန်ရုံဌာနကနေ အကြောင်းကြားစာပို့တယ်။ အသင်းအပါအဝင် ရပ်ကွက် ဓမ္မာရုံတွေ၊ အခမဲ့ကျောင်းဆောင်တွေ ဖျက်ပေးဖို့စာပို့တယ်။ အဲဒီအပေါ်မှာ လက်ခံမှုမရှိဘူး၊ အတ္တအတွက် အလုပ်မလုပ်ဘူး၊ ဖယ်ပေးဖို့ အစီစဉ်မရှိဘူး၊ ဒီနေရာက မြို့သစ်စတင်ကတည်းက ပလပ်မြေဖြစ်ပါတယ်။ အများအကျိုးအတွက် လုပ်ပေးနေတာဖြစ်လို့ မဖယ်ရှားပေးနိုင်ပါဘူး“

ရွေ့ပြောင်းပေးရမယ့်အထဲမှာပါဝင်တဲ့ မေတ္တာရင်ခွင် မူကြိုကျောင်းက ဥက္ကဋ္ဌ ဦးဖြူအေးကလည်း အခုလို ပြောပါတယ်။

“ဒီကျောင်း၊ ဒီနေရာကို လုံးဝဖျက်ဆီးပစ်တာ မဖြစ်စေလိုပါဘူး၊ နိုင်ငံတော်ရဲ့ အသီးအပွင့်ဖြစ်လာမယ့် ဒီအရွယ်ကလေးတွေက အရေးကြီးပါတယ်။ ဒီလိုတွေကို ဦးစားပေးဆောင်ရွက်နေတာကို ဝမ်းသာပါတယ်။ ရင်သွေးငယ်တွေအတွက် နေရာပျောက်သွားမယ်၊ သင်ကြားခွင့်မရှိဘူးဆိုရင် နိုင်ငံတော်ရဲ့ အဖူးအပွင့်တွေကို ရိုက်ချိုးပစ်တာနဲ့ အတူူတူပါပဲ“

မေတ္တာရင်ခွင်မူကြိုကို ၁၉၉၆ ခုနှစ်ကနေ စတင်ဖွင့်လှစ်လာတာဖြစ်ပြီး ကလေးငယ်ပေါင်း ၁၀၀ ကျော်ကို စာသင်ကြားနေတယ်လို့ ဆိုပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရကိုလည်း အသိပေးအကြောင်းကြားထားပြီး၊ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတထံလည်း စာပေးပို့သွားမယ်လို့ သိရပါတယ်။

ဒီမိသားစုတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဥပဒေဘောင်ထဲကနေ ညှိနှိုင်းဖို့ အကြံပေးသွားမယ်လို့ ချမ်းမြသာစည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပါတယ်။

“တာဝါတိုင်ကျူးအောက်ကမြေတွေက အစကတည်းက မြေကွက်လည်း မရိုက်ဘူးလေ၊ အဲဒါတွေပါတယ်။ နဂိုကတည်းက အကွက်ရိုက်ကျန်တွေ၊ စည်ပင်အကွက်ရိုက်ကျန် ဘယ်သူ့မပေးထားတာတွေပါတယ်။ သူတို့ကလည်း စည်ပင်ကိုလျှောက်ထားတာတွေ မရှိဘူး၊ လွတ်နေတယ်ဆိုပြီးနေတာတွေများတယ်“

ဥပဒေအရ ပလပ်မြေပေါ်မှာ နေထိုင်ခွင့်မရှိဘူးလို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနဲ့ ကုန်ရုံဌာနက ဌာနမှူး ဦးဇော်ဝင်းက ပြောပါတယ်။

“ဥပဒေအရ နေခွင့်မရှိဘူး၊ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဆင့်စာထုတ်တာပါ၊ ကျန်တာကတော့ သူတို့ဆန္ဒပေါ့။ အမိန့်ညွန်ကြားချက်တွေအရ ဆောင်ရွက်တာပါ”

လာမယ့် ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့နဲ့ မဖယ်ပေးရင် တရားစွဲဆိုအရေးယူသွားမယ်လို့ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ပေးပို့စာမှာ ပါရှိပါတယ်။

ဖယ်ပေးရမယ့် အဆောက်အဦးတွေမှာ နေထိုင်တဲ့ လူဦးရေ ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။