ကရင့် အာဇာနည်နေ့ အခမ်းအနား စစ်ရေးမပြဖို့ စစ်တပ်က တားမြစ်
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာကျင်းပခဲ့တဲ့ ၆၇ ကြိမ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို စစ်ရေးမပြဖို့ တားမြစ်မှုတွေရှိခဲ့ပြီး အစိုးရစစ်တပ်က လက်နက် အပြည့်အစုံနဲ့ အခမ်းအနားကို လာရောက်ဟန့်တားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
-
2017-08-14 -
-
-
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာကျင်းပခဲ့တဲ့ ၆၇ ကြိမ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနား ကို စစ်ရေးမပြဖို့ တားမြစ်မှုတွေရှိခဲ့ပြီး အစိုးရစစ်တပ်က လက်နက် အပြည့်အစုံနဲ့ အခမ်းအနားကို လာရောက်ဟန့် တားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့တောင်ဘက် ၁၀ ကီလိုမီတာအကွာက အတွင်းကွင်းကလေးကျေးရွာမှာ ကျင်းပခဲ့တာကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်ဟန့်တားမှု ဖြစ်ခဲ့တာလို့ ကျေးရွာမှာနေထိုင်တဲ့ ကရင်အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့ ပထမဆုံး စစ်ရေးပြအခမ်းအနား ကျနော်တို့ လုပ်နေတဲ့အချိန်မှာ အဲဒီတုန်းက ၃၅၅ စစ်တပ်က တပ်မမှူးတို့ ဘာတို့လည်း သူတို့လာတယ်။ ကျနော်တို့ ပိုင်ရာဆိုင်ရာတွေ ကျနော်တို့ ဖိတ်ပါတယ်ခင်ဗျ၊ ဖိတ်ပြီးတော့ ပွဲတော့ပြီးသွားပြီဗျ ကျနော်တို့ အာဇာနည် အခမ်းအနား ကျနော်တို့လုပ်ပြီးသွားတဲ့အချိန် ကျနော်တို့ သုံးကြိမ် သေနတ်ဖောက်လိုက်တဲ့အချိန် နောက်ပိုင်းမှာ ကျနော်တို့ ဘော့လုံးကန်တော့မယ့်အချိန်မှာ အဲဒီမှာ တပ်မ ၃၅၇ အဖွဲ့ကနေ သူတို့ လာပြီးတော့ ဘာလုပ်တာလဲပေါ့၊ ရဲဘော်အင်အား အယောက် ၄၀ လောက်ရှိ တယ် အာဇာနည်နေ့ အခမ်းအနားလုပ်တာပေါ့၊ ကျနော်တို့ ပြောပြတယ် ကျနော်တို့ အဲ့လို ပြောပြတဲ့အခါကြတော့ သူက ဘယ်သူတွေလာလဲတို့ ဘာမေးတာလဲတို့ ဒီမှာ အချက်အလက်တွေကို သူက အကုန်လုံးပြန်မေးတယ်ဗျ၊ သူတို့လာတဲ့ပုံစံကတော့ နယ်မြေရှင်းလင်းရေး ပုံစံမျိုးကြီး လာလိုက်တဲ့ သဘောပဲဗျ၊ တိုက်ပွဲ ဘာညာတော့ ဖြစ်တာမရှိဘူး၊ ဘောလုံးပွဲကြည့်တယ် ပြီးတော့မှ သူတို့ပြန်သွားတယ်။“
ကရင့်အာဇာနည်နေ့ အခမ်းအနားတွေကို ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချူပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာတွေနဲ့ ခရိုင်ဒေသအသီးသီး မှာ စစ်ရေးပြ အခမ်းအနားတွေနဲ့ ကျင်းပခဲ့ရာ တပ်မဟာ ၆ နယ်မြေမှာလည်း နှစ်စဉ် ကျင်းပနေခဲ့တာဖြစ်ပြီး အခုနှစ် ကျင်းပမှုကို စစ်တပ်က အခုလို ဝင်ရောက်ဟန့်တားမှုတွေ ဖြစ်ပေါ်ခဲ့တာလို့လည်း ဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြဝတီမြို့နယ်က အစိုးရစစ်တပ်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ကရင် ခေါင်းဆောင်တဦးကတော့ ဒီကိစ္စဟာ နားလည်မှု မှားယွင်းတာ ဖြစ်ကြောင်း၊ အစိုးရစစ်တပ်ဘက်က လက်နက်တွေကိုင်ဆောင်ပြီး လာကြတာကိုတော့ နောက်နောင် ဒီလိုမျိုးမဖြစ်အောင် လက်နက်တွေ မယူလာဖို့ ညှိနှိုင်းခဲ့တာသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။