ကရင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းက လက်မခံ
2021.03.29
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေမှာ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ဒေသခံ ရွာသားတစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ကရင်ပြည်နယ် ဖားပွန်ခရိုင် အီတူးထာ ဒုက္ခသည်စခန်းက လူ ၂ ထောင်ကျော်ကို ထိုင်းအာဏာပိုင်တွေက မတ်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပါတယ်။ ဒုက္ခသည်တွေက သူတို့ထွက်လာခဲ့တဲ့ နေရာကို ပြန်သွားရမှာ ကြောက်နေတာကြောင့် တောတောင်တွေမှာပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်အမျိုးသမီး အဖွဲ့အစည်း(KWO)က အတွင်းရေးမှူး နော်ကညောဖောက ပြောပါတယ်။
“ထိုင်းက ပြောတယ်။ အီတူးထာဒုက္ခသည်စခန်းက မြန်မာစစ်တပ်က target မလုပ်ဘူး။ အဲဒါဆို ပြန်ရမယ်။ ထိုင်းစစ်တပ်က ပြောတယ်လေ။ စစ်သားလည်း မရှိဘူး။ မြန်မာတပ်မတော်ကတော့ ဒုက္ခသည်စခန်းက သေနတ်မထိဘူးပဲ ပြောတယ်။ ဒုက္ခသည်တွေကို ပြန်ုခိုင်းတယ်။ ဒုက္ခသည်တွေက မပြန်ရဲဘူး။ အနီးအနား တောထဲမှာဘဲ ပြန်တိမ်းရှောင်တယ်။ လှေနဲ့ တခေါက်ပြီးတခေါက် ပြန်ပို့ခိုင်းတယ်လေ။ အကုန်လည်း ၂၀၀၀ ကျော်လေ။ အတင်းအဓမ္မပြန်ခိုင်းတယ်လေ”
ကရင်ပြည်နယ် ဖာပွန် ခရိုင်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ၂၇ နဲ့ ၂၈ရက် နှစ်ရက်အတွင်း ဒေသခံ တသောင်းဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ညပိုင်းတွေမှာ ဖာပွန်ခရိုင် ဒေပူးနီ၊ တနေလူတောင်ကုန်း၊ ကလိုဘောထာ၊ မောယူနီ၊ သယ်ဘိုးပလော၊ သီးကောထာ၊ ဟိုကေ စတဲ့ ကျေးရွာ ၇ ရွာ လေကြောင်းတိုက်ခိုက်မှုတွေခံခဲ့ရတယ်လို့ KNU မနေ့ကပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကရင်စစ်ပြေးဒုက္ခသည် ၁ သောင်းကျော်ထဲက ထိုင်းနယ်စပ် မယ်စရင်းဒေသဘက်ကို ၃၀၀၀ လောက်ရောက် ရှိနေပြီ ဖြစ်တယ်လို့ ကရင်အမျိုးသမီးအဖွဲ့အစည်း(KWO)က အတွင်းရေးမှူး နော်ကညောဖောက ပြောပါတယ်။
“ရွာသားတွေလေ။ ပြည်တွင်းထဲမှာ တသောင်းကျော်ရှိသွားပြီး ထိုင်းဘက်ကတော့ သုံးထောင်လောက်ရှိမယ်။ အားလုံးပေါင်း တသောင်းကျော်ပေါ့နော်။ ထိုင်းနိုင်ငံကို မကူးသေးဘူး။ ဒါပေမဲ့ သံလွင်မြစ်ရဲ့ ဟိုဘက်ကမ်း အိုင်ဒီပီစခန်းမှာ ထိုင်းဘက်ကူးသွားတယ်။ ထိုင်းဘက်က သံလွင်မြစ်အနားမှာ ဘဲနေတယ်တဲ့။ ထိုင်းနိုင်ငံက မယ်စရီးယန်းtownship ပေါ့နော်၊ သံလွင်မြစ်ကမ်းမှာဘဲ နေတယ်တဲ့။ အခုနေတဲ့နေရာက အိမ်မရှိ၊ ဘာမှမရှိ။ နေရတာ တအားခက်တာပေါ့နော်။ အခုကလေ ရေသိပ်မရှိဘူး။ ကလေးအတွက် ခက်တယ်။ လူနာတွေ သူတို့အတွက် အရမ်းခက်တယ်။ လူနာတွေ၊ အဲဒီလိုမျိုး သူတို့အတွက် အရမ်းခက်တယ်။ တအားပူတယ်။ အစားအစာလည်း share လုပ်ရတာပေါ့နော်။ သူတို့ လုံးခြုံရေးအတွက် စိတ်ပူရတယ်။ နောက် ကျန်းမာရေးအတွက် sanitation ပေါ့နော်”
အာဏာသိမ်းစစ်ကောင်စီကို အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုတွေမလုပ်ဖို့ နိုင်ငံတကာအတိုင်းအဝိုင်းနဲ့ ထိုင်းအစိုးရက တိုက်တွန်းပေးစေချင်တယ်၊ စစ်ဘေးဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးတွေ ကူးညီပေးဖို့ ပိတ်ဆို့ထားတဲ့လမ်းတွေကိုလည်းဖွင့်ပေးစေလိုတယ်လို့ နော်ကညော်ဖောက ပြောပါတယ်။
အခုထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဟာ ထိုင်းမြန်မာနယ်စပ် သံလွင်မြစ်ကမ်း နံဘေးမှာရှိတဲ့ အီတူးထာ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ သံလွင့်မြစ်ကမ်း တလျှောက်မှာရှိတဲ့ ဒေသခံရွာသား စုစုပေါင်းလူတသောင်းလောက် ရှိတယ်လို့ ကရင်သတင်းစဉ် (KIC) အယ်ဒီတာချုပ် နန်းဖောဂေက ပြောပါတယ်။
“ဖာပွန်ခရိုင်ပေါ့ ပြောမယ်ဆိုရင် ကေအန်ယူနယ်နမိတ်အရဆိုရင် ဖာပွန်၊ ကရင်လိုတော့ မူတြော်ပေါ့။ ဖာပွန်နဲ့အတူတူဘဲ။ မတ်လ၂၇ ရက်နေ့ စစ်ကောင်စီကနေ စစ်တပ်မတော်နေ့ သတ်မှတ်တဲ့နေ့မှာဗုံးကျဲတာတွေရှိတယ်။ အဲဒီမတိုင်ခင်ကလည်း အပြန်အလှန် တိုက်ခိုက်မှုတွေရှိတယ်။ စခန်းသိမ်းတိုက်ပွဲတွေလည်း ရှိတယ်လေ။ အဲဒီအခါကြတော့ အဲဒီမှာလည်း ထွက်ပြေးနေရတာရှိတယ်။ အဲဒါကြတော့ သံလွင့်ကမ်းနားနဲ့တော့ မနီးဘူး။ ဒါပေမဲ့ တပ်မဟာ ၅ နယ်မြေပေါ့နော်။ သူတို့ရဲ့ နယ်မြေထဲက ရတဲ့ information တွေအရဆိုရင် ၇ ထောင်ဝန်းကျင်လောက်တော့ ရှိပြီ။ ဆိုတော့ မနေ့က ထိုင်းဘက်ကို ထွက်ပြေးလာတဲ့တချို့ ထောင်ဂဏန်းပေါင်းလိုက်တော့ ပြောမယ်ဆိုရင် ဘေးလွတ်ရာကို ထွက်ပြေးနေရာတာက တသောင်းကျော်ရှိပြီ။ ဒါပေမဲ့ ထိုင်းဘက်မှာ ဝင်တာက တသောင်းကျော် မရှိဘူး။ နောက်ပြီးတော့ သံလွင်ကမ်းနားမှာရှိတဲ့ အီတူထ စစ်ရှောင်စခန်းက ရွာသားတွေလည်းဘဲ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနေအထားပေါ့နော်”
ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေရဲ့ အခြေအနေနဲ့ သတင်းအချက်အလက်တွေ သိနိုင်ဖို့ ဆက်သွယ်လို့မရလို့ စားနပ်ရိက္ခာကူညီချင်ပေမယ့် ဘယ်လို သွားရောက်ကူညီရမလဲဆိုတာ အခက်အခဲဖြစ်နေတယ်လို့ နန်းဖောဂေက ပြောပါတယ်။
မတ်လ ၂၇ ရက်နေ့ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံး မီးလောင်ခဲ့ပြီး အရပ်သား ၃ ဦး သေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNUရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနိုင်ခြေ ရှိတာကြောင့် လူ ၄ သောင်းကျော်အတွက် ခိုလှုံဖို့ ယာယီစခန်း ၇ ခု ထိုင်းနယ်စပ်မှာ ထိုင်းအစိုးရက ပြင်ဆင်ထားပါတယ်။