နော်အုန်းလှကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆို
2015.07.02

အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ KWO ကရင်အမျိုးသမီးအစည်းအရုံးနဲ့ KWEG ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တို့က တောင်းဆိုလိုက်ပါတယ်။
လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့်တို့ကို အစိုးရက ဥပဒေအဖြစ်ပြဌာန်းခဲ့ပေမယ့် ဒီမိုကရေ စီရေးနဲ့ လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူတစ်ဦးကို အခုလိုဖမ်းဆီးအပြစ်ပေးတာဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတာကြောင့် အခုလိုတောင်းဆိုရတာဖြစ်တယ်လို့ KWO ကရင်အမျိုးသမီးအစည်းအရုံးရဲ့ ဥက္ကဌ နန်းဒါးအက်ကလယ်က ပြောပါတယ်။
"သာမန်နိုင်ငံသားတစ်ယောက်က မိမိရဲ့လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်မှာကျတော့ သူတို့တွေက မတရား အမှုတွေကို တရားစွဲဆိုပြီးတေ့ာ ထောင်ချလိုက်တယ်၊ အဲဒါဟာ ဒီမိုကရေစီနိုင်ငံသို့ ပြုပြင်ပြောင်း လဲရေးလမ်းကြောင်းကို မသွားဘဲနဲ့ သွေဖယ်နေတယ်၊ နိုင်ငံသားတစ်ယောက်အနေနဲ့ အခြေခံရပိုင်ခွင့်တွေကို ရနိုင်အောင် ကျမတို့က တောင်းဆိုရခြင်းဖြစ်တယ်"
နော်အုန်းလှဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တောင်သူဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးတာ နဲ့ပတ်သက်ပြီး တရုတ်သံရုံးရှေ့ဆန္ဒပြမှု ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးနဲ့ ဖြိုခွဲခံရတဲ့ နှစ်ပတ်လည်နေ့ ဆန္ဒပြမှု၊ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းလှုပ်ရှားခဲ့မှု စတာတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ၄ လ ချမှတ်ခံထားရသူဖြစ်ပါတယ်။