၂၀၁၀ နှစ်ဖဒို မန်းရှာ အထိမ်းအမှတ်ဆု အမျိုးသမီး ကျန်းမာရေးမှူး ရရှိ

ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာ အထိမ်းအမှတ် ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ထိုင်း-မြန်မာနယ်စပ် KNU ထိန်းချုပ်ရာ နယ်မြေမှ ာကျန်းမာရေးမှူးတဦး ဖြစ်တဲ့ နော်ဒီဇင်ဘာဖောကို ဒီကနေ့ အခမ်းအနားနဲ့ ချီးမြှင့်လိုက်ပါတယ်။

2011.05.27
phado_manh_sha_305_z.jpg ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သော ဖဒို မန်းရှာသည် ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံခြင်း ခံရပြီး ကွယ်လွန်ခဲ့သည်။ (Photo: AFP)
(Photo: AFP)
တနင်္သာရီတိုင်း ထားဝယ်ခရိုင်က KNU ထိန်းချုပ်ရာ နယ်မြေရှိ တောတွင်းဆေးခန်း တာဝန်ခံ နော်ဒီဇင်ဘာဖောဟာ မိဘတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုကို လိုက်ပါမသွားပဲ ကရင်လူထု့ကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့အတွက် ဒေါ်လာ ၂,၀၀၀ ဆု ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

သူ့ဟာ စစ်အစိုးရတပ်တွေ လှုပ်ရှားနေတဲ့ နယ်မြေအတွင်းက ကရင်ကျေးရွာတွေကို လှည့်လည်ကာ အန္တရာယ်ကြားကနေ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနေတယ်လို့ အဲဒီဆုကို ချီးမြှင့်တဲ့ ဖန်းဖောင်ဒေးရှင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီဆုကို လူမူ့ရေးလုပ်ငန်း လုပ်ဆောင်နေရာမှာ အောင်မြင်မှုတွေ ရှိနေတဲ့ ကရင်လူငယ် ခေါင်းဆောင်တွေကို ရွေးချယ်တာ ဖြစ်တယ်လို့ ဖန်းဖောင်ဒေးရှင်းကို တည်ထောင်သူလည်းဖြစ် ၊ ဖဒိုမန်းရှာရဲ့ သမီးလည်းဖြစ်တဲ့ မဇိုရာဖန်းက ပြောပါတယ်။

“အဓိက ကျွန်မတို့ အကြမ်းဖျဉ်း သတ်မှတ်ထားတာကတော့ သူတို့ရဲ့ လူမှုရေး လုပ်ဆောင်ချက်တွေပေါ့နော်၊ အဲဒါ သူတို့ ခေါင်းဆောင်တယောက် အနေနဲ့ သူတို့ လုပ်ဆောင်နေတဲ့ အချိန်မှာ သူတို့က အောင်မြင်မှုတွေ ရှိတယ်၊ ပြီးတော့ သူတို့က ကိုယ်ကျိုးစွန့်ပြီးတော့ ပြည်သူလူထုတွေအတွက် သူတို့က ကြိုးစားပြီး လုပ်နေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ကျွန်မတို့ ကြည့်နေတယ်။ ပြီးတော့ တဆက်တည်းမှာပဲ အခက်အခဲတွေရော၊ ဒီ ဆင်းရဲမှုတွေ ကြားမှာပေါ့နော်၊ သူတို့ ပြည်သူလူထုတွေ ကောင်းကျိုးအတွက် အင်မတန်ကို တက်ကြွစွာ လုပ်နေတဲ့ လူငယ်တွေကို အသိအမှတ် ပြုတဲ့အနေနဲ့ ကျွန်မတို့က အဲဒါ အခြားလူငယ်တွေ စံနမူနာ ကောင်းအောင် ထူးချွန်တဲ့ လူငယ်ခေါင်းဆောင်တွေကို ကျွန်မတို့ ရွေးတာ ဖြစ်ပါတယ်။”

အဲဒီ ဖဒိုမန်းရှာ လူငယ်ဆုကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး နောက်တနှစ် ၂၀၀၉ ခုနှစ်ကစလို့ နှစ်စဉ် ချီးမြှှင့်လာရာ ဒီနှစ်ဟာ ၃ နှစ်မြောက်ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကွယ်လွန်သူ ဖဒိုမန်းရှာရဲ့ သမီး မဇိုရာဖန်းကို RFA မှ ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။