ကဆုန့် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့


2017.08.22
kasote-refugees-622.jpg နမ္မတီးမြို့ပေါ်က ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှာ ကဆုန့်ကျေးရွာက စစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Salai

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကဆုန့်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နမ္မတီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ကို ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတွေက ဒီနေ့နေရပ်အရောက် ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က အစိုးရတပ်မတော်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုက်ပွဲအခြေ အနေတွေ အေးဆေးပြီလို့ သိရတာကြောင့် ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ရတာဖြစ်တယ်လို့  လမ်းခွ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်က ဦးလမိုင် ကပြောပါတယ်။

"ဟုတ်ပါတယ်။ ပြန်ပို့ဖြစ်ပါတယ်။ အခုသွားနေပါတယ်။ အားလုံးကိုပြန်ပို့လိုက်တာပါ။ ဘာကြောင့်များ လဲဆိုတော့ နေရပ်ကိုပြန်လို့ရပြီဆိုတဲ့ အတိုင်းအတာကြောင့်မို့လိုပေါ့။ အခုလောလောဆယ်အနေအထား တစ်ရပ်ကတော့ ကျနော်တို့ PCG အဖွဲ့ကနေပြီးတော့မှ တိုင်းမှူးတို့နဲ့ဆွေးနွေးပြီးမှ အဲ့ဒါကို သူတို့အားလုံး အဆင်ပြေပြီဆိုလို့ ကျနော်တို့ ပြန်ပို့ရခြင်းဖြစ်ပါတယ်။"

နေရပ်ပြန်သူတွေကို အဖွဲ့အစည်းအသီးသီးက လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ စားနပ်ရိက္ခာတွေပါ ထည့်ပေးလိုက်ပြီး NGO တချို့ကလည်း ရွာသားတွေလုံခြုံရေးနဲ့ပတ်သက်ပြီး ကဆုန့်ကျေးရွာမှာ စောင့်ကြည့်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကဆုန့်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ရွာလုံးကျွတ် နမ္မတီးမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ရက်တွေမှာ ကဆုန့်ကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို PCG နဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်က တာဝန်ရှိသူတွေက သွားရောက်ခေါ်ဆောင်ခဲ့ပြီး နမ္မတီးမြို့ပေါ်က ကက်သလစ်ကျောင်းနဲ့ နမ္မတီး လမ်းခွက ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ နေရာချထားပေးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။