ထီးချိုင့်မြို့နယ်မှာ လယ်သမား ၃ဝဝ ကျော် ဆန္ဒပြ
2013.09.27
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂ ရွာက တောင်သူလယ်သမား ၃ဝဝ လောက်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီနေ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လယ်ယာမြေ ပဋိပက္ခအရေး အစိုးရဌာနဆိုင်ရာတွေက အမြန်ဆုံးဖြေရှင်းပေးဖို့ ပြောကြားခဲ့တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ အခုလို ကျေးရွာသားတွေ စုပေါင်းပြီး ဆန္ဒပြရတာလို့ တုံလုံရွာသား ဦးနေဝင်းက ပြောပါတယ်။
ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်း၊ ပေါင်းနပ်၊ တုံလုံ၊ အောင်သာယာစတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေဟာ အသိမ်းခံရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ မနှစ်က တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ် စစ်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ကသာခရိုင်မှာ လယ်ယာမြေဧကပေါင်း သိန်းဂဏန်းနီးပါးအထိ သိမ်းယူရာမှာ အဲဒီကျေးရွာ ၂၂ ရွာက လယ်ယာမြေတွေလည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းယူထားတဲ့ လယ်ယာမြေတွေကို နောက်ပိုင်းမှာ ဂရိတ်ဝေါလို ပုဂ္ဂလိကကုမ္ပဏီကြီးတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ အဲဒီဒေသမှာ ပြီးခဲ့တဲ့လအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စစ်ဆေးတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလ မှာ ပြန်လည်စတင်မယ့် လွှတ်တော်မှာ ဆွေးနွေးမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ မောင်းကုန်းရွာမှာရှိတဲ့ ဂရိတ်ဝေါ ကုမ္ပဏီရှေ့မှာ ပြုလုပ်တာဖြစ်ပြီး ကြွေးကြော်သံ၊ ပိုစတာ အသုံးပြုခွင့်မရခဲ့ဘူးလို့ သိရပါတယ်။