ကော့ကရိတ်မှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ နေအိမ်အချို့ပျက်စီးပြီး စစ်ရေးတင်းမာနေ
2022.12.18

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်းနေရာတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့ မနက်အစောပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့အပြင် ဂျက်တိုက်လေယာဉ် နဲ့ပါ ဗုံးကြဲခဲ့တာကြောင့် နေအိမ်လေးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၂ နာရီနဲ့ တစ်နာရီကြား (ဒီနေ့မနက်အစောပိုင်း) ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ (၂) ကြိမ် ဗုံးကြဲခံရပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခဲ့တာလို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) သတင်းရင်းအမြစ်က RFA ကို ပြောပါတယ်။
“၁၂ နာရီခွဲနဲ့ တစ်နာရီကြားမှာ လေယာဉ်နှစ်စီး၊ နှစ်ခေါက်လာတယ်။ ကော့ကရိတ် တောင်ဘက်ခြမ်းဘက်ကို ပစ်ချတာ။ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေလည်း ပစ်တယ်။ အလုံးပေါင်း ၂၀ ကျော်ပစ်တယ်။ အိမ်လေးလုံး ပျက်စီးတယ်။ ကျနော်တို့လူ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိဘူး။ တိုက်ပွဲမရှိဘဲနဲ့ ပစ်ချနေတာ”
KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ကော့ကရိတ်မြို့အစပ်နဲ့ အာရှလမ်းမကြီးမှာ နေရာယူထားပြီး စစ်ကောင်စီတပ် မြို့ပြင်ထွက်လာတာနဲ့ တိုက်ပွဲပြင်းထန်တော့မှာဖြစ်လို့ အခုချိန်ထိ စစ်ကောင်စီတပ်က မြို့ပြင်ထွက်မလာဘဲ လေယာဉ်နဲ့ လက်နက်ကြီးကိုသာ အသုံးပြုနေတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်ဒေသခံတစ်ဦးကလည်း မနေ့ညပိုင်းက လေယာဉ်နဲ့ရော မြေပြင်ကပါ ပစ်ခတ်တာတွေ ကြားခဲ့ရတယ်လို့ RFA ကိုပြောပါတယ်။
“မနေ့ကညပိုင်း လေယာဉ်နှစ်စင်းနဲ့ ပစ်တယ်။ အပေါ်ကနေလည်း ပစ်တယ်။ အောက်က မြေပြင်ကနေလည်း ပစ်တယ်။ တစ်ဖက်ကပဲပစ်တာ။ တစ်နာရီ ကျော်ကျော်လောက် ကြာတယ်။ ဟိုဘက်က ကပ်လာတော့ အင်အားများတော့ သူတို့ကို ခေါ်လိုက်တယ်ထင်တယ်။ တစ်ဖက်ကတော့ ပြန်ဆုတ်သွားတယ်။ အသံတော်တော် ကျယ်တယ်။ တိုက်တွေပါ တုန်တယ်။ ကော့ကရိတ်မြို့ထဲလို့တောင် ပြောလို့ရတယ်။ မြို့အစပ်မှာ ဖြစ်နေတာပေါ့။ လူထိခိုက်တာတော့ မကြားဘူး”
လက်ရှိ ကော့ကရိတ်မြို့နယ်မှာ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ကော့ကရိတ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၃၁) ကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဘက်က အရာရှိသုံးဦးနဲ့ ရဲမေငါးဦး အပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့တယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။
ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀၀ ကျော်သေဆုံးပြီး သုံးသိန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက သတင်း ထုတ်ပြန်ထားပါတယ်။