ပြည်နယ်အစိုးရကို ထိန်းကျောင်းဖို့ ကယားလွှတ်တော် ဥက္ကဋ္ဌ တာဝန် KySDP ပါတီရလို

စိုးစိုးထက်
2020.12.21

ဖက်ဒရယ်ပြည်ထောင်စု စနစ်တည်ထောင်ရေး တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NLD ပါတီက ကြေညာချက်ထုတ်ပြန် ပြောဆိုထားတာကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်ဖို့ ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကို ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ရရှိဖို့ လိုလားနေပါတယ်။

NLD ပါတီဘက်ကတော့ ဒီကိစ္စကို ညှိနှိုင်းဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

ကယားပြည်နယ် ပြည်နယ်လွှတ်တော် နေရာအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ၉ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၃ နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ၃ နေရာ အနိုင်ရရှိထားပါတယ်။

ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကတော့ ငါးဦးရှိပါတယ်။

ရွေးကောက်ပွဲပြီးနောက် ၄ ရက်အကြာမှာ NLD ပါတီက တိုင်းရင်းသားပါတီ ၄၈ ပါတီကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲလုပ်ဆောင်သွားမယ်လို့ ဖိတ်ခေါ်ကမ်းလှမ်းချက်တစ်စောင် အွန်လိုင်းကနေ ထုတ်ပြန် ကြေညာထားပါတယ်။ ဖိတ်ခေါ်တဲ့ထဲမှာ KySDP ပါတီလည်း ပါဝင်ပါတယ်။ လာမယ့် အစိုးရသစ်လက်ထက် ကယားပြည်နယ် ဝန်ကြီးချုပ်နေရာကို NLD ပါတီက ရွေးချယ်ခန့်အပ်မှာဖြစ်တာကြောင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတာဝန်ကို KySDP ပါတီကရဖို့ လိုလားနေပါတယ်။

NLD က အမှန်တကယ်တိုင်းရင်းသားအရေးကို အလေးထားတယ်ဆိုရင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နေရာကို တိုင်းရင်းသားပါတီကို ပေးသင့်တယ်လို့ ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ကနေ ဒီးမော့ဆိုမြို့နယ်က ဝင်ပြိုင်ခဲ့တဲ့ ဦးပလုရယ်က ပြောပါတယ်။

“ကယားပြည်နယ် လွှတ်တော်မှာ NLD၊ USDP၊ KySDP သုံးဖွဲ့ရှိတဲ့အချိန်မှာ ဘယ်သူက ဘယ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက ရယူမလဲဆိုတဲ့ဟာက နည်းနည်းစိတ်ဝင်စားစရာ ကောင်းတယ်။ တကယ်တမ်း တိုင်းရင်းသားအရေးကို အလေးထားတယ်ဆိုရင်တော့ လွှတ်တော်ဥက္ကဋ္ဌ နေရာကိုတော့ တိုင်းရင်းသားပါတီကို မဖြစ်မနေပေးသင့်ပါတယ်လို့ ဒါကအင်မတန်မှ ပြန်လည်သင့်မြတ်ရေး ကိစ္စတွေမှာလည်း အင်မတန်မှ အထောက်အကူဖြစ်စေတဲ့ဟာ ဖြစ်တာပေါ့နော်။ အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာလည်း ပိုပြီးတော့ အားကောင်းမယ်လို့ မျှော်လင့်တယ်”

ဦးပလုရယ်ဟာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာ ဝင်ပြိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ ရှုံးခဲ့ပါတယ်။

ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နေရာကို KySDP ကို ပေးဖို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုသတင်းနှင့်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကတော့ ညှိနှိုင်းဆွေးနွေးသွားရမယ့် ကိစ္စဖြစ်ကြောင်း ပြောပါတယ်။

“တိုင်းရင်းသားနိုင်ငံရေးပါတီကို ဖိတ်ခေါ်တယ်။ တိုင်းရင်းသားပါတီ တော်တော်များများကလည်း ဒါကိုကြိုဆိုကြတယ်ပေါ့နော်။ ဒုတိယအဆင့်အနေနဲ့ ဆွေးနွေးကြဖို့ပဲရှိတော့တယ်။ အဲဒီဆွေးနွေးကြတာကလည်း လပိုင်းလောက်မှာပဲ ဆွေးနွေးကြမယ်။ ဆွေးနွေးကြရင်တော့ ပြောရရင် လွှတ်တော်တွေ မဖွဲ့စည်းရခင် လွှတ်တော်တွေ မခေါ်ခင်မှာ ဆွေးနွေးပွဲတွေ အတော်အတင့်ပြီးမြောက်အောင် ကျနော်တို့ လုပ်ကြလိမ့်မယ်။ လွတ်တော်တွေ မတိုင်ခင်ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားပါတီတွေက သူတို့လိုချင်တဲ့ဟာကို NLD နဲ့ ညှိနှိုင်းကြရမှာပေါ့။ အဲခါကြတော့ လွှတ်တော်တွေမှာ အထူးသဖြင့် တိုင်းရင်းသားပါတီ အားကောင်းနေမယ်လို့ ယုံကြည်တယ်။ လွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဝန်ကြီးချုပ်ဖြစ်ဖြစ်ပေါ့ တိုင်းရင်းသားပါတီက ဒီဟာကို အဆိုပြုလိမ့်မယ်ထင်တယ်။ ဒီဆွေးနွေးချက်ပေါ်မှာပဲ မူတည်ပြီးတော့ တိုင်းရင်းသားပါတီရဲ့လိုလားချက်တွေကို စီစဉ်ပေးလိမ့်မယ်လို့ ထင်ပါတယ်”

ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာက အနိုင်ရထားတဲ့ KySDP လွှတ်တော်ကိုယ်စားလှယ် မော်မိုးမြာက တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို သေချာမေးမြန်းပြီး အခွင့်အရေးတွေ ပိုပေးဖို့လိုကြောင်း ပြောပါတယ်။

“ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတာဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ လူမျိုးတစ်ခုတည်း နေထိုင်တာ မဟုတ်ဘူးပေါ့နော်။ တိုင်းရင်းသား ပေါင်းစုံနေထိုင်တဲ့ ဒေသဖြစ်တယ်။ နေရာဖြစ်တယ်။ တိုင်းနဲ့ ပြည်နယ် ရှိနေတဲ့အပေါ်မှာ ကျမတို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို သေသေချာချာ သူတို့လိုချင်တဲ့အခွင့်အရေးတွေ လိုအပ်ချက်တွေကို သေသေချာချာမေးပြီးတော့မှ သူတို့အခွင့်အရေးတွေကို ဒီထက်မက ပေးပေးဖို့လိုအပ်တယ်။ နောက်တစ်ခုက ကျမတို့ပြည်နယ်မှာ ဝန်ကြီးချုပ်ကို ပေးမည့်ကိစ္စက ကျမတို့ပြည်နယ်မှာ သူတို့ NLD ပဲ အများစုနိုင်သွားတဲ့အတွက် သူတို့ပဲရမယ်လို့ပဲ ကျမထင်တယ်။ ကျမတို့ တိုင်းရင်းသားတွေကို ပေးမယ်ဆိုတာ ပြောသံမကြားဘူးပေါ့နော်။ ဒါပေမဲ့ ကျမတို့ကတော့ တိုင်းရင်းသားတွေကိုပဲ ဖြစ်စေချင်ပါတယ်”

NLD က တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းမယ်ဆိုပြီး ကြေညာချက်ထုတ်ထားတာကြောင့် အစိုးရသစ် လက်ထက်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်ဆိုတာ စိတ်ဝင်စားတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထင်အောင်က ပြောပါတယ်။

“ ဒီမိုကရက်တစ်လမ်းစဉ်အရဆိုရင်တော့ တော်တော်လေးတော့ အခက်အခဲရှိလိမ့်မယ် ဒါ့အပြင် ရွေးကောက်ပွဲအပြီး လေးရက်မှာပဲ တိုင်းရင်းသားပါတီ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုအတွက်ကို ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင်တော့ ပြောဆိုထားခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့ တိုင်းရင်းသားပါတီတွေနဲ့ပဲ ပူးပေါင်းပြီးတော့ လွှတ်တော်ထိန်းကျောင်းမှု လုပ်ဆောင်သွားမယ်လို့တော့ ရိုးရိုးလေးတွက်ဆထားပါတယ်”

ဦးကျော်ထင်အောင်ဟာ ကယားပြည်နယ် အခြေစိုက် LAIN နည်းပညာ အထောက်အကူပြုအဖွဲ့က ဘုတ်ဥက္ကဋ္ဌ ဖြစ်သလို လွှတ်တော်နဲ့ အစိုးရထိန်းကျောင်းမှု အခြေအနေတွေကို ရေးသားသူ ဆောင်းပါးရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတကနေ ဝန်ကြီးချုပ် ခန့်အပ်လိုသူကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်လွှတ်တော်ကို အမည်စာရင်းပေးပို့ပြီး လွှတ်တော်ရဲ့ သဘောတူညီချက် ရယူရမှာဖြစ်ပါတယ်။

သမ္မတရဲ့ အမည်စာရင်းကို တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မပြည့်စုံဘူးဆိုတဲ့ အထောက်အထား အခိုင်အမာမပြနိုင်ရင် လွှတ်တော်ဘက်က ကန့်ကွက်ခွင့် မရှိပါဘူး။

တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ အသက် ၃၅ နှစ်ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်ကလွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ မှာပြဌာန်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းအတိုင်း အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ် ဝန်ကြီးချုပ်တွေကို NLD ပါတီကပဲ ရွေးချယ်ခန့်အပ်မှာဖြစ်ပါတယ်။

လက်ရှိအခြေအနေထိတော့ ပြည်နယ်ဝန်ကြီးချုပ်ကို ဘယ်သူ့ကို ခန့်မလဲဆိုတာတော့ စီစဉ်ထားတာမရှိသေးဘဲ တိုင်းရင်းပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ အဖြေထွက်လာမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောပါတယ်။

“မရှိသေးပါဘူးဗျ၊ ကျနော်တို့ လုပ်စရာတွေအများကြီးရှိသေးတယ်။ ဒီအတောအတွင်းမှာ ကျနော်တို့က တိုင်းရင်းသားပါတီနဲ့ တွေ့စရာတွေ ညှိနှိုင်းစရာတွေရှိသေးတယ်။ ကျနော်တို့ Cabinet ကိစ္စတော့ဘာမှ မစဉ်းစားရသေးပါဘူးဗျ။ ကျနော်တို့နဲ့တွေ့လို့ ဆွေးနွေးတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမှာပဲလေ၊ ကိုယ်လိုချင်တဲ့ဟာ ကိုယ့်အစီအစဉ် ဘယ်လောက်ရှိလဲဆိုတဲ့ဟာ သေသေချာချာ ဆွေးနွေးကြမှာပဲလေ၊ အဲဒီအခါမှ အဖြေထွက်လာလိမ့်မယ်လို့ ကျနော်ထင်တယ်”

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေကိုလည်း ဝန်ကြီးချုပ်က ရွေးချယ်တာကြောင့် ဝန်ကြီးတွေ ဘယ်သူဖြစ်လာမလဲဆိုတာကလည်း NLD ပါတီ အပေါ်သာမူတည်နေပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတွေကို နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်နယ်ကို သစ္စာရှိတဲ့သူတွေ ဖြစ်စေလိုတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားခွန်အောင်က ပြောပါတယ်။

“ပြည်နယ်ရဲ့ အခြေအနေပေါ့နော်။ အခြေအနေဆိုတဲ့နေရာမှာ နိုင်ငံရဲ့အခြေအနေရှိမယ်။ လူမျိုးစု အခြေအနေရှိမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ရှိမယ် အဲဒီအခြေအနေကို ကောင်းကောင်းမွန်မွန် နားလည်တဲ့သူဖြစ်ဖို့လိုတယ်။ အဲဒါက နံပါတ်တစ်အချက် နံပါတ်နှစ်အချက်က အုပ်ချုပ်ရေးယန္တရား အုပ်ချုပ်ရေးနယ်ပယ်ကို နားလည်တဲ့သူ ဖြစ်ဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ အရမ်းအရေးကြီးတဲ့ကဏ္ဍမှာ ပါတာဖြစ်တယ်။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အရမ်းအရေးကြီးတဲ့အတွက်ကြောင့်မို့ ဝန်ကြီးချုပ်အနေနဲ့ စီမံခန့်ခွဲတဲ့နေရာမှာ ကောင်းမွန်ပီပြင်ဖို့ အရမ်းအရေးကြီးတဲ့ တစ်ချက်ပါတယ်။ နောက်တစ်ချက် ကျနော်ရဲ့ တစ်သီးပုဂ္ဂလပေါ့နော်။ ကျနော်တို့ရဲ့ ပြည်နယ်အခြေအနေကို ကြည့်မယ်ဆိုရင် ဘာကိုသွားပြီးတော့ ဖြစ်ဖို့လိုအပ်လဲဆိုရင် ကျနော်တို့ရဲ့ ပြည်နယ်အပေါ်မှာ သစ္စာရှိတာပေါ့နော်။ သို့တည်မဟုတ် ပြည်နယ်အပေါ်မှာ စိတ်ကောင်းစေတနာရှိဖို့ လူလိုအပ်တယ်”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက ကယားပြည်နယ်မှာ NLD ပါတီက ၁၁ နေရာအနိုင်ရရှိထားတာဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အပါအဝင် ၄ နေရာ အနိုင်ရခဲ့ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ၁ နေရာ အနိုင်ရလာခဲ့တာပါ။

ပြည်နယ်လွှတ်တော်ထဲမှာ တိုင်းရင်းသားပါတီ ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးသဲရယ် ပါလာပြီးနောက် ပြည်နယ်အစိုးရရဲ့ လုပ်ငန်းတွေကို ထိန်းကျောင်းတဲ့လုပ်ငန်းတွေ လွှတ်တော်ထဲမှာ ဆောင်ရွက်နိုင်ခဲ့ပြီး ဝန်ကြီးချုပ် နားခံလိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ဒီတစ်ကြိမ်လွှတ်တော်မှာတော့ တိုင်းရင်းသားပါတီတွေဘက်က အရင်ကထက် အရေအတွက် တိုးလာခဲ့ပြီး အစိုးရကို ထိန်းကျောင်းရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်လိမ့်မယ်လို့ တိုင်းရင်းသားတွေဘက်က ရှုမြင်ချက်တွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။