ကယားပြည်နယ်က ဒုက္ခသည်တွေအတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေ

2022.10.25
ကယားပြည်နယ်က ဒုက္ခသည်တွေအတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေ ဖရူဆိုမြို့နယ်အတွင်းက တောတောင်ထဲရှိ ဒုက္ခသည်စခန်းမှာ နေထိုင်နေသူအချို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်း အများစုဟာ မိုးကာတဲတွေနဲ့ ရသလို တည်ဆောက်ထားရသလို အဲဒီဒေသတွေဟာ ဆောင်းတွင်းကလမှာ တခြားဒေသတွေထက် အအေးဒဏ်ပိုတာကြောင့် စောင်နဲ့ အနွေထည်တွေ အကူအညီပေးကြဖို့ စစ်ဘေး ဒုက္ခသည်တွေနဲ့ ကရင်နီအရပ်ဖက် တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဆောင်းတွင်းကာလမှာ အအေးဒဏ်ကြောင့် ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေ ကျန်းမာရေး ပိုမိုထိခိုက်မှာကို စိုးရိမ်နေကြရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုတွေကြောင့် အစားအသောက်နဲ့ ဆေးဝါး သယ်ယူလို့မရဘဲ ရေရှည်မှာ အစားသောက်နဲ့ဆေးဝါးတွေ ထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲလာနိုင်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သိန်းကျော် (၂၁၀,၀၀၀ ခန့်) ရှိနေပြီး ဒီးမော့ဆိုမြို့နယ်ကတော့ ထွက်ပြေးရသူ ရှစ်သောင်းကျော်နဲ့ အများဆုံးဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အလားတူ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတောမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တွေဘက် ထွက်ပြေး တိမ်းရှောင်နေကြရသူတွေလည်း ရှိတယ်လို့ ကယားပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။