ကယားပြည်နယ်မှာ အစိုးရအဖွဲ့ တိုက်ရိုက်ရွေးချယ်ခွင့် ရရှိလို


2016.01.23
kayah-peace-forum-620.jpg ကယားပြည်နယ် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို လွိုင်ကော်မြို့မိုင်းလုံးရပ်ကွက်မှာရှိတဲ့ အင်္ဂလီကန်ဘုရားကျောင်းဝင်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်နေစဉ်
Photo:Nay Thwae/RFA

ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေကနေပြီး တိုက်ရိုက်ရွေးချယ်နိုင်ဖို့ို အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကနေ တောင်းဆိုလိုက်ပါတယ်။

လွိုင်ကော်မြို့မိုင်းလုံးရပ်ကွက်မှာရှိတဲ့ အင်္ဂလီကန်ဘုရားကျောင်းဝင်းအတွင်းက ခန်းမဆောင်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီနေ့ နောက်ဆုံးနေ့မှာ တောင်းဆိုလိုက်တာဖြစ်တယ် လို့ နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဆန်းရေးထူးက ပြောပါတယ်။

"ငြိမ်းချမ်းရေးနဲ့ နယ်မြေလုံခြုံရေးဆိုတဲ့အပိုင်းကို တွေ့ဆုံဆွေးနွေးတယ်၊ ထို့အတူ ကျနော်တို့ရဲ့ လူနေမှု ဘဝ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့အတွက်ကို ဒီနှစ်ရက်တာမှာ ဆွေးနွေးလာပြီးတော့မှ ကျနော်တို့ လက်ရှိ အစိုးရတွေကို ဘာတွေပြောမလဲဆိုတဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဖွဲ့စည်းပုံ အခြေအနေတွေအပေါ်မှာ လစ်ဟာမှုရှိနေတဲ့ဟာလေးတွေ၊ ကျနော်တို့ လက်ရှိလူထုတွေအတွက် ကိုယ်စားမပြုနေတဲ့အချက်လေးတွေကို လူထုသဘောထားယူပြီးတော့မှ ကျနော်တို့ တင်ပြဖို့ရှိပါတယ်၊ ဖွဲ့စည်းပုံမှာရှိနေတဲ့ လူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်း အခြေအနေတွေပေါ့နော်၊ စီမံကိန်းလုပ်ငန်းတွေမှာ မထိခိုက် နစ်မှုမရှိစေတဲ့လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တဲ့အခါမှာ တကယ်ပဲ ငြိမ်းချမ်းရေးကို အခြေတည်ပြီးတော့မှ လုပ်ဖို့ဆိုတဲ့အချက်တွေကို ယျေဘုယျဆန်ဆန် ဒါကျနော်ယူပြီးတော့ ပြော လိုက်တာပေါ့နော်၊ အချက်အလက် အသေးစိတ်တော့ရှိပါတယ်"

သုံးရက်တာ နှီးနှောဖလှယ်ပွဲအပြီးမှာတော့  ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေကနေပြီး တိုက်ရိုက်ရွေးချယ်နိုင်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေ အားလုံးပါဝင်နိုင်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကိုရပ်ဆိုင်းပေးဖို့၊ ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအကြား ယုံကြည်မှုတည်ဆောက်ဖို့ စတဲ့ အချက် (၁၆) ချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အလင်းသစ်လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ကယားပြည်နယ်လူငယ်များကွန်ရက်၊ ကယန်းဒေသလူမှု ဖွံ့ဖြိုးရေးအဖွဲ့၊ အမျိုးသမီးများ ဘဝလုံခြုံမှုဂေဟာ၊ ကယားဖူး နှစ်ခြင်းဝန်ထမ်းခြင်းနဲ့ ဖွဲ့ဖြိုးရေးအသင်းစတဲ့ အရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့တို့က အဲ့ဒီ နှီးနှောဖလှယ်ပွဲကို ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

ကယားပြည်နယ် မြို့နယ် (၇) မြို့နယ်ထဲက ဒေသခံကိုယ်စားလှယ်တွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ နိုင်ငံရေးပါတီနဲ့အရပ်ဘက်အဖွဲ့က ကိုယ်စားလှယ် ၁ဝဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။