ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပ


2016.08.14
karen-traditional-620.jpg ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ကရင်ပြည်နယ် ကျက်သရေဆောင်ကျောင်းမှာ ကျင်းပနေစဉ်
Photo: Kyaw Lwin Oo/ RFA

အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဖော်ဆောင်တဲ့ အရေးကိစ္စတွေကို အားပေးကူညီသွား မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်း သားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ကရင်ပြည်နယ် ကျက်သရေဆောင်ကျောင်းမှာ ကျင်းပတဲ့ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ ကရင်တိုင်းရင်းသားရေးဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

"တိုင်းရင်းသားရိုးရာပွဲတွေဆိုတာက နိုင်ငံတော်အနေနဲ့ တကယ်ကိုအားပေးရမယ့်ပွဲတော်တွေပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံက တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့နိုင်ငံ၊ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ့်နိုင်ငံ၊ အဲ့ဒီတော့ ကျမတို့ အစိုးရသစ်အနေနဲ့ကတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ကိုဖော်ဆောင်တဲ့နေရာမှာ အားပေးသွားမှာပါ၊ ဟိုတုန်းကလို ခိုးကြောင်ခိုးဝှက်လုပ်နေရတာမျိုး ဒါမျိုးတွေဆိုတာလည်း မရှိသင့်ပါဘူး"

ပြီးခဲ့တဲ့ ၂၉ နှစ်ကတည်းက ကရင်ပြည်နယ် ကျက်သရေဆောင် ဘုန်းတော်ကြီးကျောင်းမှာ ကရင်ရိုးရာပွဲတွေ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကရင်ရိုးရာ လက်ချည်ပွဲ ခေါ် ဝါခေါင်လ ချည်ဖြူဖွဲ့ ပွဲကို နှစ်စဉ်ဝါခေါင်လဆန်း ၁ရက်နေ့ကနေ လပြည်နေ့အထိ ကျင်းပကြတာဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားတွေမှာ ဝါခေါင်လချည်ဖြူဖွဲ့၊ ထိမ်းမြားမင်္ဂလာချည်ဖြူဖွဲ့နဲ့ လိပ်ပြာခေါ်ချည်ဖြူဖွဲ့ ဆိုပြီး ချည်ဖြူဖွဲ့ ၃မျိုးရှိပါတယ်။

ဝါခေါင်လဟာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လဖြစ်တာကြောင့် ရှေးကရင်လူကြီးသူမတွေက သားသမီးတွေကို အကာအကွယ်ပြုတဲ့အနေနဲ့ လက်ကောက် ဝတ်မှာ ချည်ဖြူခင် အပါအဝင် အဆောင်အယောင် ၇ မျိုးနဲ့ ချည်ဖြူ ဖွဲ့ပေးတဲ့ဓလေ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။