ကဲဘာရွာသား နှစ်ထောင်ခန့် နေရပ်မပြန်နိုင်သေး

2021.12.20
ကဲဘာရွာသား နှစ်ထောင်ခန့် နေရပ်မပြန်နိုင်သေး ၂၀၂၁ ဒီဇင်ဘာ ၁၃ ရက်က စစ်ကောင်စီတပ်တွေ ကဲဘာရွာကို ရောက်လာတာကြောင့် တောထဲမှာ ထွက်ပြေးနေရတဲ့ ရွာသားတွေကို တွေ့ရစဉ်
ဓါတ်ပုံ - အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာရွာက ရွာသားနှစ်ထောင်ခန့် ဟာ စစ်ဘေးရှောင်နေရပြီး နေရပ်ပြန်လို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က စစ်ကောင်စီတပ်နဲ့ ပျုစောထီး ပူးပေါင်းအဖွဲ့တို့ ရောက်လာပြီးနောက် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ခံခဲ့ရကာ ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။

လက်ရှိမှာလည်း လုံခြုံရေးကြောင့် နေရပ်မပြန်နိုင်ကြသေးသလို စပါးတွေလည်း မရိတ်သိမ်းနိုင်သေးဘဲ ပစ်ထားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်ရှိမှာတော့ စပါးတွေ ရိတ်သိမ်းဖို့ အခက်အခဲတွေရှိတာပေါ့။ စပါးတွေ ရိတ်သိမ်းဖို့က အချိန်တန် နေပြီ။ သူတို့ရဲ့အန္တရာယ်လည်း ရှိသေးတာပေါ့။ တမြန်မနေ့ကဆိုရင် စပါးရိတ်နေတဲ့ တောင်သူ နှစ်ယောက်ကို ဖမ်းပြီးခေါ်သွားတာ။ ဒီနေ့မှ ပြန်ရွေးထုတ်ရတာ"

ကဲဘာရွာတဝိုက်မှာ စပါးစိုက်ဧက သုံးထောင်ဝန်းကျင် စိုက်ပျိုးထားပြီး ဒါဟာ တစ်မြို့နယ်လုံးမှာ အများဆုံး စိုက်ပျိုးတဲ့နေရာတစ်ခုလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီရဲ့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ - ၁၀) အရပ် အခေါ် အရှေ့တပ်နဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးအဖွဲ့ဝင်တချို့ဟာ ဒီရွာကို ဝင်ရောက်ဖို့ လုပ်ဆောင် လာပြီး ဒေသခံကာကွယ်ရေးတပ် PDF နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီနောက် PDF တွေက ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်က ရွာထဲဝင်ပြီးနောက် အိမ်ခြေ ၁၀၀ မီး လောင်ဆုံးရှုံးရကာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသူ နှစ်ထောင်ဝန်းကျင်ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။