ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရ
2023.06.02

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကြီးအိုင်ရွာကို ဇွန်လ ၂ ရက် ဒီနေ့မနက် အစောပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောင်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေသလို လက်နက်ကြီးနဲ့ ပစ်ခတ်လို့လည်း အရပ်သားသုံးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းဟာ ကြီးအိုင်ရွာကနေ ပြန်ထွက်လာပြီး လက်ရှိမှာတော့ မရမ်းအင်းရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်အစောကြီး ကြီးအိုင်ရွာကို မီးရှို့နေတာ မီးခိုးတွေ လှမ်းမြင်ရတယ်။ လက်နက်ကြီးကျလို့ ဒဏ်ရာရတာ တော့ အမျိုးသားသုံးယောက်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ အခုကြီးအိုင်ကထွက်ပြီး မရမ်းအင်းမှာ တပ်စွဲထားတယ်။ အဲဒီမှာ စစ်ကြောင်းက ညအိပ်မယ့်သဘောရှိတယ်”
ဒီစစ်ကြောင်းဟာ မေလ ၁ ရက်နေ့ကစလို့ ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းထိုးတဲ့ နှစ်ရက်တာအတွင်း ရွာပေါင်း ၁၂ ရွာက ဒေသခံ ၇၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
အင်းပါတ်၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ ချမ်းသာကုန်း၊ ရွာသစ်၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မုံတော၊ ကြီးအိုင်၊ ဒါန်းကုန်း၊ အောင်သာ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရာတာပါ။
ဒီအထဲက ရွာသစ်နဲ့ ကြီးအိုင် ရွာနှစ်ရွာမီးရှို့ခံရပြီး မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ပြောဆိုထားပါတယ်။
အာဏာသိမ်းနှစ်နှစ်အတွင်း ခင်ဦးမြို့နယ်ထဲမှာ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာပေါင်း ၇၄ ရွာအထိရှိနေပြီး အိမ်ခြေပေါင်း ၅၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်တွေမီးလောင်ခဲ့လို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ သုံးသောင်းနီးပါးရှိနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UN OCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် အရပ်သားတွေရဲ့ အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။