ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ ဇေကမ္ဘာ ဦးခင်ရွှေ တိုက်တွန်း


2015.09.30
khinshwe-usdp-candidate-620.jpg အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဇေကမ္ဘာဦးခင်ရွှေ စက်တင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှာ မဲဆွယ်စည်းရုံးစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှာ ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဇေကမ္ဘာ ဦးခင်ရွှေက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။

ကော့မှူးမြို့နယ် သကူခြံကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ ကိုယ်စားလှယ်လောင်း ဦးခင်ရွှေက တိုက်တွန်းပြော ကြားလိုက်တာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ရဲ့ ကိုယ်စားလှယ်အနေနဲ့ဖြစ်တယ်၊ ကျနော်ကိုယ်တိုင်ကို က ဒေါ်စုကြည် လာလို့ရှိရင် ခင်ဗျားတို့ ဝိုင်းအားပေးကြပါ၊ သူက ပြည်သူ့လွှတ်တော်က သူ့ဘာသာသူ သီးခြားပဲ၊ တို့ပြိုင်ဖို့ဆိုတာလည်း ဘယ်လိုမှပြိုင်လို့မနိုင်နိုင်ဘူး၊ ကျနော်က အမျိုးသားလွှတ်တော်မှာ သူကပြည်သူ့လွှတ်တော်မှာ ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားလွှတ်တော်မှာ ကျနော့်ကိုမဲထည့်ပေးပါ ၊ ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ပေးပါ"

ကိုယ်စားလှယ်လောင်း ဦးခင်ရွှေဟာ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ ကိုကိုးကျွန်းစတဲ့ မြို့နယ် ၆ခုပါဝင်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၈ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဦးခင်ရွှေက သူ့အနေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၉၀ရာခိုင်နှုန်း နိုင်ခြေရှိကြောင်း လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ ဦးကျော်ဇင်ဟိန်းဖြစ်ပြီး ဒေသခံ လူငယ်တစ်ဦးဖြစ်ပါတယ်။ ဦးကျော်ဇင်ဟိန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ ကော့မှူးကနေ ယှဉ်ပြိုင်တဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူမိကြောင်း RFA နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောခဲ့ပါတယ်။

ဦးခင်ရွှေဟာ ကော့မှူးမြို့နယ်က ကျုံဒရယ်၊ သကူခြံစတဲ့ ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးခဲ့တာဖြစ်ပြီး ဒေသခံ ၂၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။

ကော့မှူးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖံ့ွဖြိုးတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ ၈ ပါတီအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေလည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။