တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်
2017.12.15
ကချင်ပြည်နယ် မန်စီမြို့နယ် မံဝိန်းကြီးဒေသ မန်မောန်ကျေးရွာရဲ့ အနောက်ဘက် ၃ မိုင်လောက်အကွာက လွယ်ခမ်းတောင်ကြောတဝိုက်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့တွေ အကြား မနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မန်စီမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအေးမင်း က ဒီကနေ့ပြောပါတယ်။
တရုတ်နိုင်ငံဘက်ကလည်း လုံခြုံရေးတင်းကျပ်ထားတာကြောင့် တိုက်ပွဲပိုပြင်းထန်လာရင် ဒေသခံပြည်သူတွေ အတွက် ပြေးစရာ မြေမရှိဖြစ်မှာ စိုးရိမ်ရတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းအေးမင်း က ပြောပါတယ်။
"ဖြစ်တာက မနေ့ညက ၉ နာရီဝန်းကျင်လောက်ဖြစ်တယ်။ လက်နက်ကြီးသံ ပစ်တာတော့ကြားရတယ်။ ဒီလိုထိခိုက်တာ ဘယ်ဘက်က ထိခိုက်တာတော့ မကြားရသေးဘူး။ စိုးရိမ်ရတယ်။ ရွာထဲရောက်လာ ကတော့ မရှိသေးဘူးပေါ့နော်။ တောင်ကြောတွေမှာ ပစ်တာတွေရှိနေတယ်။ ဖြစ်လာရင် ပြည်သူတွေ က စိုးရိမ်ရတယ်။ တရုတ်ပြည်ဝင်လို့မရဘူး။ ရွှေလီကြိုးတံတားလည်း လုံခြုံရေးအရ တင်းကြပ်တာတွေ ရှိတယ်ပေါ့လေ။"
အစိုးရတပ်မတော် တပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်မဟာ ၃ လက်အောက်ခံတပ်တွေ အကြား ထိတွေ့မှုတွေဖြစ်နေကြတာပါ။
အခုတိုက်ပွဲဖြစ်တဲ့ လွယ်ခမ်းတောင်ကြောတဝိုက်ဟာ ကချင်ပြည်နယ် မံစီမြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် တို့အကြား ထိစပ်နေရာဖြစ်တဲ့မှာဖြစ်ပါတယ်။ အဲဒီနေရာအပြင် ပြည်ထောင်စုလမ်းပေါ်က ရွှေလီကြိုးတံတား အနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ တနိုင်းဒေသဘက်မှာလည်း တပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ခန့်မှန်းရခက်တဲ့ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ပွဲတချို့ရှိနေပေမဲ့ မြို့ရွာတွေနဲ့ ပြည်သူတွေကို ထိခိုက်တာတွေမရှိဘူးလို့ တနိုင်းမြို့ခံတဦးကပြောပါတယ်။
အခုလို ပွင့်လင်းကာလမှာ မြို့ရွာရပ်ကွက်တွေထဲ ဖြတ်သန်းသွားလာဝင်ရောက်မှုတွေနဲ့အတူ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ရော အစိုးရတပ်မတော်ပါ နှစ်ဖက်လုံးက စစ်ရေးလှုပ်ရှားမှုတွေရှိနေကြောင်း ဒေသခံပြည် သူတွေကပြောပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့ တစ်ခုဖြစ်သလို NCA လမ်းစဉ်အတိုင်းမဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုထားတဲ့ ပြည်ထောင် စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်းဖြစ်ပါတယ်။