မြန်မာစစ်တပ် ရဟတ်ယာဉ်တစီး KIA ပစ်ခတ်
2012.01.07
ကျည်ထိမှန်ပြီးနောက် ရဟတ်ယာဉ် ပျက်ကျသွားတယ်ဆိုတဲ့ သတင်းကိုတော့ KIO က အတည်ပြုချက် မပေးပါဘူး။ ဒီရဟတ်ယဉ်ဟာ တရုတ်မြန်မာနယ်စပ်၊ မိုင်ဂျာယန်မြို့အနီးက အစိုးရ စစ်စခန်းကို ဦးတည်သွားနေတာ ဖြစ်ပြီး ရိက္ခာသယ်တဲ့ယာဉ် ဖြစ်နိုင်တယ်လို့ KIA အရာရှိတဦးက ပြောပါတယ်။
“မိုင်ဂျာယန်မြို့ရဲ့ မြောက်ဘက်က မုပွန်ဆိုတဲ့ အစိုးရ စစ်တပ်စခန်းကို ရိက္ခာထောက် လာတာထင်ပါတယ်။ အဲဒီရဟတ်ယာဉ်ကို ကျနော်တို့ဘက်က စက်ကလေးလိုမျိုး သေနတ်နဲ့ပဲ ပစ်လိုက်တယ်။ ထိတော့ ထိသွားတယ်ပေါ့၊ မီးခိုး အူပြီး ပြန်ခေါက်သွားတယ်။ ရဟတ်ယာဉ် အမျိုးအစား အသေးစိတ်တော့ မပြောတတ်ဘူး။ အရင်က သုံးတဲ့ Bell ရဟတ်ယာဉ်မျိုးပဲ ဖြစ်မှာပါ”
အဲ့ဒီ ရဟတ်ယာဉ်နဲ့ ပတ်သက်ပြီး ဗန်းမော်မြို့အနီး စိန်လုံရွာနားမှာ ဇန်နဝါရီလ ၅ ရက်နေ့က အပျက်အစီးတွေ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ ရရှိပေမယ့် KIO က အတည်ပြုချက် မပေးပါဘူး။
ဒါ့အပြင် ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ရဟတ်ယာဉ် ၂ စီး စိန်လုံရွာအနီးမှာ ပျံဝဲနေတာ တွေ့ရပြီး KIA တပ်က ပစ်ခတ်ချိန်မှာ လှည့်ပြန်သွားတယ်ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။
KIO နဲ့ ဖြစ်ပွားနေတဲ့ စစ်နဲ့ပတ်သက်ပြီး ထိုးစစ်တွေ ရပ်ဖို့ သမ္မတဦးသိန်းစိန်က ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ကို အမိန့်ပေးခဲ့ပေမယ့် တိုက်ပွဲတွေ နေ့စဉ် ဆက်ဖြစ်နေပြီး တချို့နေရာတွေမှာ တရက်တည်း လေး ငါး ခြောက်ကြိမ်ထက် မနည်း တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။