မိုးညှင်းခရိုင်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆားမှော် ကညှင်မြိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၃၈၃) နဲ့ ခမရ (၃၈၄) ရဲ့ တပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက် မနက် အစောပိုင်းက သွားရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်လို့ ကေအိုင်အိုသတင်းနဲ့ ပြန်ကြားရေးတာ ဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
“ဆားမှော်က စခန်းနှစ်ခုက အခုမနက် ၃ နာရီလောက်မှာ သွားတိုက်ခိုက် စခန်းသိမ်းပြီး မီးရှို့ဖျက်ဆီးခဲ့ ပြီးနောက် တပ်ပြန်ဆုတ်ခဲ့ကြတယ်တယ် ကြားတယ်။ စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ လာပစ် တယ်။ အသေးစိတ်အချက်အလက်တော့ မကြားရသေးဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
ကေအိုင်အေ တပ်မဟာ ၉ လက်အောက်မှာရှိတဲ့ တပ်ရင်း ၄၄ က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခုလို တပ်စခန်းနှစ်ခု တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဘက်က မနက် ၅ နာရီဝန်းကျင်လောက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးနဲ့ ငါးကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောဆိုချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက် မနေ့ကလည်း ဖားကန့်မြို့နယ် ဝေခါမှော် ကျန်ကာကျေးရွာနားမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။