ပဲခူးနှင့် ဧရာဝတီတိုင်းမှာ ကလေးငယ်များ ထူးဆန်းစွာ ပျောက်ဆုံးနေ

ပဲခူးတို်င်း အနောက်ဖက်ခြမ်း လက်ပံတန်းမြို့နယ်၊ ခမုံတိုက်နယ်၊ သာရဝေါနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်တွေ မှာ အသက် ၅ နှစ်က ၁၂နှစ် အရွယ်ကလေးတွေ ပျောက်ဆုံးနေတယ်လို့ RFA က ကြားသိရပါတယ်။

2011.04.06
village_kids_children_305_z.png ကျေးရွာနေ ကလေးနှစ်ဦးကို အမှိုက်များ ပွနေသည့် ရွာလမ်းပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)
Photo: RFA / Tyler Chapman

ကလေးတွေကို ခေါ်ယူသွားသူတွေဟာ ဂိုဏ်းဖွဲ့ လှုပ်ရှားနေသူတွေ ဖြစ်နိင်တယ်လို့ ပဲခူးတိုင်း သာယာဝတီ မြို့ခံတဦးက အခုလိုပြောပါတယ်၊

“အကုန်လုံး ပျောက်တဲ့ ကလေးတွေက သာရဝေါတိုက်နယ်၊ ရှမ်းစု အင်ဖက်ကုန်းကျေးရွာ အဲဒီက ကလေးနှစ်ယောက် ပျောက်တယ်၊ အင်္ဂပူမြို့နယ်၊ နောင်ချွန်းကျေးရွာဖက်က ကလေးတွေလည်း ပျောက်တယ်။ ပျောက်တော့ တရားခံ တဦးကို ဖမ်းမိထားတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ဒေသက ကြားတာက ကလေးတွေကို ဖမ်းတာက ဂိုဏ်းဖွဲ့ပြီး ဖမ်းတယ်လို့ ပြောတယ်။ သို့သော် ခမုံ စခန်းမှူးက ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာတော့ မသိရဘူး။”

လက်ပံတန်းမြို့နယ် NLD မြို့နယ် စည်းအဖွဲ့ဝင် ဦးထွန်းထွန်းကလည်း ကလေးပျောက်တဲ့ မိဘတွေ လာရောက် အကူအညီ တောင်းတဲ့အတွက် ကလေးပျောက်ဆုံးမှု အခြေအနေကို သိရတာဖြစ်ကြောင်း RFA ကို အခုလို ပြောပြပါတယ်။

“အဖ ဦးဝင်းရွှေ၊ ဒေါ်မလေးငယ်တို့ရဲ့ သမီးပေါ့ဗျာ၊ အသက် ၁၂ နှစ်ခန့် ရှိတဲ့ မမီးလေး ခေါ် မအစ်မကြီးရယ်၊ ကျွန်တော်တို့ အဲဒီ အင်ဖက်ကုန်း ကျေးရွာမှာ ရှိတဲ့ ဦးဉာဏ်ထွန်းရဲ့ သား၊ မအေးနော်တို့ရဲ့ သားဖြစ်တဲ့ အသက် ၅ နှစ်ခန့် ကလေး နှစ်ယောက်ဗျ၊ အဲဒါ ပထမဆုံးအကြိမ် ပျောက်တာ။ ဒုတိယအကြိမ်က ၁၇ ရက် ၃ လ ၂၀၁၁ က ကလေး ၇ ဦး အခိုးခံရတယ်ဗျ။”

“သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ထိန်တော ရေသပြာ အုပ်စုကနေပြီးတော့ အဖ ဦးတင်ငွေ၊ အမိ ဒေါ်သန်းသန်းတို့ရဲ့ သမီး၊ သမီးက နှစ်ဦး၊ သားက တဦး၊ တခြား အမည်မသိတဲ့ ကလေး ၄ ဦးဗျ။ ၇ ဦးဗျ၊ ၇ ဦး။ အဲဒီ ကလေး ၇ ဦးက ထိန်တောကနေပြီးတော့ ခေါ်ဆောင်လာတာက လက်ပံတန်း မြို့နယ် ခမုံဆိပ်ရွာကို ရောက်တယ်ဗျ။ ခမုံဆိပ် ဘူတာကို ရောက်တဲ့အခါကျတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရပ်မိရပ်ဖတွေက ကလေးတွေကို မသင်္ကာတဲ့အခါကျတော့ မေးလားစမ်းလား လုပ်တယ်ဗျ။ ရထားနဲ့ အဲဒီ ကလေးတွေက ပါသွားတယ်ဗျ။”

“အဲဒီလို ပါသွားတဲ့အခါကျတော့ တာဝန်ရှိတဲ့ ခမုံ ရုံပိုင်ကြီးကနေပြီးတော့ ဘူတာကို တဆင့်စီ တဆင့်စီနဲ့ အကူအညီ တောင်းတဲ့အခါကျတော့ အဲဒီ ကလေး ၇ ဦးက ၃၀ ရက်နေ့ ငဖြူကလေး ကျေးရွာမှာ ပြန်လည် တွေ့ရှိရတယ်ဗျ။”

ဒီကလေး ၇ ယောက်ကို ပြန်လည် တွေ့ရှိပေမဲ့ မိဘတွေဆီ ပြန်လည် ရောက်မရောက် မကြား သိရသေးဘူးလို့လည်း သိရပါတယ်။

ဒီအကြောင်းကို မေးမြန်းဖို့ ခမုံ တိုက်နယ် စခန်းမှူး ဦးမင်းခိုင် ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုံးဆက်သွယ်လို့ မရရှိခဲ့ပါဘူး။   

အလားတူ ကလေးပျောက်ဆုံးမှုတွေ မိုးညိုမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်တွေမှာ ထပ်မံ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ မိုးညိုမှာ ၂ ယောက်နဲ့ လက်ပံတန်းမှာ တယောက်၊ ၈ နှစ်နဲ့ ၉ နှစ်အရွယ် မိန်းကလေး နှစ်ဦးနဲ့ ဆယ်နှစ်အရွယ် ယောက်ျားလေး ၁ ဦးတို့လည်း ပျောက်ဆုံးသွားတယ်လို့ ဦးထွန်းထွန်းကပဲ ပြောပါ တယ်။

အခုလို ကလေးတွေ ပျောက်ဆုံးနေတာဟာ လူကုန်ကူးဂိုဏ်းတွေနဲ့ ဆက်နွယ်မှု ရှိမရှိ မသိရသေးသလို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း အသေအချာ စုံစမ်း အရေးယူတာတွေ မကြားသိရသေးလို့ ဒေသတွင်းရှိ မိဘတွေ စိုးရိမ်လျက် ရှိနေကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။