ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ညီဖြစ်သူ ပစ်သတ်ခံရ

RFA Burmese
2024.05.11
ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ညီဖြစ်သူ ပစ်သတ်ခံရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန်းတို့အား တွေ့ရစဉ်။
Telegram/ PNLA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ညီဖြစ်သူကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က မေလ ၉ ရက်နေ့ ညပိုင်းမှာ ပစ်သတ်လိုက်တယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။

PNO အဖွဲ့ရဲ့ ဗိုလ်ကြီးဆိုသူက ကျေးရွာအတွက် တိုင်ပင်စရာရှိလို့ဆိုပြီးခေါ်တာကြောင့် သွားချိန် နှစ်ဦးစလုံး လမ်းမှာပဲ ပစ်သတ်ခံလိုက်ရတာလို့ ဒီအခြေအနေကိုသိတဲ့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"နောင်ရင်းရွာသူကြီး ခွန်ဇာခွန်နဲ့ သူ့ညီ ခွန်ပလွန်းပေါ့၊ အသတ်ခံရတာ။ ည ၈ နာရီလောက် PNO က စစ်သားနှစ်ယောက် လာခေါ်သွားတာ။ စာရင်းတွေလာပို့ပါဆိုပြီးပြောလို့ သူ့ညီ ခွန်ပလွန်းနဲ့ ဆိုင်ကယ်နဲ့သွားတာ။ နောင်ရင်းရွာအထွက်နားမှာပဲ ပစ်သတ်ခံရတာ။ သူ့ကိုလာဖို့ခေါ်တာက PNO က ဗိုလ်ကြီးလယ်လို့ ပြောတယ်"

ပစ်သတ်ခံရတဲ့နေရာဟာ PNO ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

နှစ်ယောက်စလုံးဟာ ဦးခေါင်းနဲ့ပါးမှာ ပေါက်ထွက်ဒဏ်ရာတွေနဲ့သေဆုံးနေပြီး အလောင်းကို မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ပြန်ရခဲ့တာကြောင့် သင်္ဂြိုဟ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ခွန်ဇာခွန်ဟာ ဒေသအတွင်းမှာ စစ်ဘေးဒုက္ခသည်ကို အမြဲကူညီနေသူဖြစ်သလို အားကစားသမားတစ်ယောက်လည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကလည်း နောင်ရင်းရွာသူကြီးနဲ့ ညီဖြစ်သူတို့နှစ်ဦးကို PNO တပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း မေလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ PNO ပြောခွင့်ရသူ ခွန်ထွန်းရွှေကို RFA က ဒီနေ့မနက်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကိုလည်း ဒီမနက်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းကလည်း PNO အဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ဆိုက်ခေါင်ရွာက အသက် ၄၀ အရွယ် ခွန်ညွန့်နိုင်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အလောင်းပြန်မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပအိုဝ်းဒေသ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်၊ PNO ပူးပေါင်းအဖွဲ့တွေနဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ သုံးလကျော်ရှိပြီ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ PNO ဘက်က ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ၁၆ ဦးအပါအဝင် စုစုပေါင်းအရပ်သား ၆၇ ဦး သေဆုံးခဲ့ပြီး ၈၇ ဦးဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။