လိုင်ဇာဌာနချုပ်အနီးက တပ်တွေ၊ လက်နက်ကြီးတွေ ဖယ်ရှားပေး ဖို့ ကေအိုင်အို တောင်းဆို
2014.11.20

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အတွက် ကေအိုင်အိုဗဟိုဌာနချုပ်နဲ့ နီးကပ်တဲ့ ခရာဘွမ်တောင်ကြောတလျှောက်မှာရှိတဲ့ အစိုးရ တပ်တွေနဲ့ လက်နက်ကြီးတွေကို ဖယ်ရှားပေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဗဟိုကော် မတီက ဒီနေ့ ကြေညာချက်ထုတ်ပြီး တောင်းဆို လိုက်ပါတယ်။
မနေ့က တပ်မတော်ဘက်က ပစ်ခတ် တာကြောင့် ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကွင်း ထဲကျပြီး သင်တန်းသား ၂၃ ဦးသေဆုံးပြီး ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အိုရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
အခုလို ဆက်လက်ဖြစ်နေမယ်ဆိုရင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပျက်စီးသွားနိုင်ကြောင်း ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ကေအိုင် အို ပြန်ကြားရေးတာဝန်ခံ ဦးလာနန်းက ပြောပါတယ်။
"အစိုးရရဲ့ ပြောဆိုမှု၊ လုပ်ဆောင်မှု ဒါကအများကြီး မူတည်ပါလိမ့်မယ်၊ အဓိကကတော့ အခုတစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ တိုင်းရင်းသားအဖွဲ့ရဲ့ကိုယ်စား NCCT နဲ့ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံမှုလမ်းကြောင်းကို မပြတ်စေချင်ဘူး၊ အဲဒီ့အတိုင်းဆက်ပြီးတော့ ရှေ့ကို တိုးသွားစေချင်တယ်၊ အဲဒီ့ရှေ့ကိုသွားနိုင်ဖို့အတွက် ဘယ်လောက်အထိ အဟန့်အတားရှိလာနိုင်မလဲဆိုတာ အစိုးရရဲ့လုပ်ရပ်ပေါ် အများကြီးမူတည်ပါလိမ့်မယ်၊ ဒီလိုဟာမျိုး ဆက်ဖြစ်လာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်တော့ အနှောင့်အယှက်အဟန့်အတားတွေ ဖြစ်လာမှာပဲ"
အစိုးရရဲ့ပစ်ခတ်မှုအပေါ် ကေအိုင်အိုက ပဋိပက္ခညှိနှိုင်းဖြန်ဖြေရေးအဖွဲ့၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ကို ကေအိုင်အိုဘက်က စာပေးပို့ထားပြီး ဒီနေ့ ကြေညာချက်ထုတ်လိုက်တာလို့ ဆိုပါတယ်။
ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဦးလာနန်းကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။