KIO နည်းပညာအကြံပေးအဖွဲ့ရုံး ခြံဝင်းအတွင်းကို ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ
2017.12.13

ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင်မှာ ဖမ်းမိခဲ့တဲ့ လေယာဉ်ပစ်လက်နက်ခဲယမ်းတွေကိစ္စနဲ့ ဆက်စပ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေး အဖွဲ့ရုံးရဲ့ အနောက်ဘက်က ဝန်ထမ်းတွေနေထိုင်တဲ့ ခြံဝင်းကို ပြည်နယ်ရဲတပ်ဖွဲ့ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
အဲဒီလိုရှာဖွေရာမှာ သက်သေခံပစည်းတွေ မတွေ့ရှိရကြောင်းနဲ့ ရဲလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်တာ ဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်း က ဒီကနေ့ ပြောပါတယ်။
"အဓိကက မနေ့က ရှာဖွေရတဲ့အကြောင်းကတော့ ကရင်ပြည်နယ်က ဖွင့်ထားတဲ့ အမှုရှိတယ်လေ။ သူတို့ရတဲ့ သတင်းကို ကျနော်တို့ကို ကူညီပြီးတော့ ဆောင်ရွက်ခိုင်းတာပေါ့။ အမှုက သူတို့ဆီက အမှုလေ။ အဲဒီက အချက်အလက်တွေရရင် ကျနော်တို့ကို လှမ်းပြီးတော့ အကူအညီတောင်းတယ်။ ကျနော်တို့ကလည်း အမှုနဲ့ ပတ်သတ်တဲ့ ရရှိတဲ့သတင်းအရ လိုချင်တဲ့ပစ္စည်း ဘာမှ တွေ့ရှိခြင်းမရှိပါဘူး။ သင်္ကန်းညီနောင်အမှုနဲ့ ပတ်သက်ပြီးတော့ ဒီလေယာဉ်ပစ်ကျည်ပေါ့၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးတာတော့ ဒီမြစ်ကြီးနားမှာနေတဲ့ တရားခံ ကျားတစ်ယောက်၊ မတစ်ယောက်ပဲ ဖမ်းတာရှိပါတယ်။ ကျန်တဲ့ဟာကတော့ ဆက်စပ်တဲ့ဟာကတော့ ကျနော်တို့ဆီ ဖမ်းတာမရှိသေးပါဘူး"
ဝင်ရောက်ရှာဖွေပြီးတဲ့နောက် သက်သေတွေမတွေ့ရှိတဲ့အခါ မူးယစ်ဆေးဝါး ကင်းရှင်းကြောင်း အတည်ပြုချက်နဲ့ အဆုံးသတ်ခဲ့ကြောင်းနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အိုဗဟိုကို အကြောင်းကြားထားတယ်လို့ ကေအိုင်အိုနည်း ပညာအကြံပေးအဖွဲ့ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က ပြောပါတယ်။
ကရင်ပြည်နယ်က သင်္ဃန်းညီနောင်မှာတေ့ွရှိခဲ့တဲ့ လက်နက်ခဲယမ်းအမှုမှာ တရားခံလို့ ယူဆရသူနှစ်ဦးကို မြစ်ကြီးနားမြို့မှာ ဖမ်းဆီးရမိပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီလို့ ရဲမှူးကြီး လွင်မောင်သိန်း က ပြောပါတယ်။
မနေ့က သွားရောက်ရှာဖွေတဲ့အခါမှာ ရဲတပ်ဖွဲ့တွေ၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)နဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန် ရှိသူတွေလိုက်ပါပြီး ရှာဖွေတာလို့ ဆိုပါတယ်။
အခုလက်ရှိဖမ်းဆီးရမိထားတဲ့ တရားခံလို့ ယူဆရသူ နှစ်ဦးကို ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှာ လက်နက်များယာယီပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၁၉ - က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။