အစိုးရနဲ့ ကေအိုင်အို ရွှေလီမြို့မှာ မနက်ဖြန် ဆွေးနွေးမည်

KIO ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ဖြန် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံ ဆွေးနွေး မယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက RFA ကို ပြောပါတယ်။

2013.02.03
kio-peace-meeting-b305 KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့တဲ့မှတ်တမ်းပုံ
RFA

အစိုးရနဲ့ ကေအိုင်အို နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်အောင် တရုတ်အစိုးရက ကြားဝင်ဆောင်ရွက် ပေးတာဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဦးဂွမ်ဂျာက ပြောပါတယ်။

“ကျနော်တို့တော့ မသိရဘူး။ဒါပေမယ့် မနက်ဖြန်ဆွေးနွေးမယ်ဆိုတာတော့ သိရတယ်ဗျ။ကျနော်တို့မသိရဘူးဆိုတာက မေးကြည့်တော့ ကေအိုင်အိုကလဲပဲ တရုတ်အစိုးရ ကနေပြီးတော့ ခေါ်တာပေါ့။ ကေအိုင်အိုနဲ့ နိုင်ငံတော်အစိုးရတို့ ကိုခေါ်ပြီးမှ ဆွေးနွေးမယ်လို့ပဲသိရတယ်ဗျ။ အဲဒီမှာ သူတို့ အလွတ်သဘောနဲ့တွေ့ဆုံမှာဖြစ်တဲ့အတွက်ကြောင့်မို့ မီဒီယာတွေ တခြား လူဘယ်သူမှ မပါပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးမှ ဆက်လက်ဆွေးနွေးဖို့အတွက် ဘယ်လိုလုပ်ကြမယ်ဆိုတာ အကြံပြုပြီးတော့ခေါ်တာ ဖြစ်တဲ့အတွက် ဘယ်သူမှ မပါပဲ တွေ့ဆုံဖို့ ခေါ်တာဖြစ်တယ်လို့ သိရပါတယ်။”

ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် နောက်ဆုံး ဆွေးနွေးခဲ့တာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က အဲဒီရွှေလီမြို့မှာပဲ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ နောက်ဆုံး ဆွေးနွေးခဲ့တာပါ။

အဲဒီတုံးက ကေအိုင်အို ဘက်က စစ်ရေးအရ အဆုံးအဖြတ်ပေးနိုင်မယ့် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပါမလာတာကြောင့် နှစ်ဖက် တပ်ကိစ္စတွေ မဆွေးနွေးနိုင်ဖြစ်ခဲ့ရတယ်လို့ အစိုးရဘက်က ပြောဆိုခဲ့ပါတယ်။

မနက်ဖြန် ရွှေလီတွေ့ဆုံပွဲမှာ ကေအိုင်အို ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပါမယ်လို့ ပြောပါတယ်။

“အစိုးရဘက်ကနေ တရားဝင်ကျနော်တို့ကို ခေါ်တာလဲမရှိဘူး။ ကေအိုင်အေကလဲ ခေါ်တာမရှိဘူးဗျ။ ကြားတာတော့ အစိုးရဘက်က ဦးအောင်မင်းနဲ့ ဝန်ကြီးဦးအုန်းမြင့်တို့ နောက်တစ်ယောက်ပါတယ် ဘယ်သူလဲတော့မသိဘူး။ ကေအိုင်အိုဘက်ကတော့ နဂိုက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီ ရှိတယ်လေ။ဦးှဆွမ်လွတ်ဂန်ခေါင်းဆောင်ပြီတော့ ဒုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်လဲ ပါမယ်လို့ သိရတယ်ဗျ။ ကျနော်တို့လဲ အကောင်းဆုံးဖြစ်အောင် ၂ဦး၂ဖက် တွေ့ဆုံဖို့တော့ အစီအစဉ်ရှိတယ် လောလောဆယ်တော့ ဘာမှ မရှိသေးဘူး အခု သူတို့ဆွေးနွေးတဲ့အပေါ်မှာ စောင့်ကြည့်ရုံပဲရှိတာပါ။”

၂၀၁၁ ခုနှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေဟာ အခုဆိုရင် တစ်နှစ်ခွဲကျော် ကြာလာခဲ့ပြီဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ ထောင်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စပြီး နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာရာမှာ အစိုးရတပ်က ကေအိုင်အို ဌာနချုပ်အနီးဝန်းကျင်မှာရှိတဲ့ ပွိုင့် ၇၇၁၊ ဖွန်းပျဉ်ဘွမ်နဲ့ ခါယာဘွမ် စတဲ့ အဓိကစစ်ရေးအရ စိုးမိုးနိုင်တဲ့ တောင်ကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မနက်ဖြန် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။