အစိုးရနဲ့ ကေအိုင်အို သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး
2013.10.10

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အိုတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒီနေ့နောက်ဆုံးနေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးရဲ့ ညီလာခံကျင်းပဖို့၊ နှစ်ဖက်တပ်တွေ တိုက်ပွဲမဖြစ်အောင် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီဖွဲ့ဖို့ အပါအဝင် အချက် ၇ ချက်ကို သဘောတူညီခဲ့ကြပါတယ်။
၃ ရက်ကြာဆွေးနွေးပွဲဟာ အောင်မြင်တဲ့ဆွေးနွေးပွဲဖြစ် တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
"ကျနော်တို့ အကြမ်းဖျင်းအားဖြင့် သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးနိုင်ပါတယ်၊ နံပါတ် ၁ ကတော့ ကျနော်တို့ပြောပြောနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်၊ IDP တွေ နေရာချထားရေးကို Pilot Project အနေနဲ့ ရွာလေးရွာကို ဆောင်ရွက်ပါမယ်၊ စောင့်ကြည့်ကြီးကြပ်ရေးကော်မတီနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဖွဲ့ဖို့နဂိုကတည်းက မူအားဖြင့်သဘောတူပြီးသားဖြစ်ပါတယ်၊ အောင်မြင်တဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲဖြစ်တယ်ဆိုတာ ကျနော်ပြောချင်ပါတယ်၊"
ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ အောင်မြင်မှုရှိသလို ပိုပြီးပွင့်လင်းတိုးတက်တဲ့ ဆွေးနွေးပွဲဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
"ပွင့်ပွင်းလင်းလင်း ဆွေးနွေးတာ အရင်ဟာနဲ့မတူတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်၊ ဒီတစ်ခေါက်ကျတော့ ဒီတပ်ပိုင်းဆိုင်ရာများလည်း တော်တော်များများ အရေးကြီးတဲ့အချက်တွေကျတော့ ဒီဆွေးနွေးခန်းထဲမှာ ဆွေးနွေးတယ်၊ စောင့်ကြည့်ကြီးကြပ်ရေးကိစ္စတွေ တချို့မူအပိုင်းတွေချလို့ အဆင်ပြေသွားတာပေ့ါနော်၊ စောင့်ကြည့်ကြီးကြပ်ရေးကော်မတီကို ဘယ်လိုဖွဲ့မလဲ၊ ပြီးတော့ဒီအောက်မှာ mechanism တွေကို ဘယ်လိုပုံစံမျိုးနဲ့ချမလဲ၊ နောက်တစ်ခုက နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းတွေကို ဘယ်လိုလိုက်နာရမလဲအပိုင်းကို ဆွေးနွေးကြတာဖြစ်ပါတယ်"
နှစ်ဖက်သဘောတူညီချက်တွေထဲမှာ စစ်ပြေးဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် ကျေးရွာ ၄ ရွာကို ရှေးဦးစီမံချက်ချမှတ်ပြီး အကောင်အထည်ဖေါ်သွားမယ်လို့လည်းပါရှိပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ကေအိုင်အိုအနေနဲ့ တက်ရောက်ဖို့ အစိုးရဖက်က ဖိတ်ကြားလိုက်တယ်လို့လည်း သဘောတူညီချက်မှာ ပါရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး တက်ရောက်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲအထိ ဖြစ်လာအောင် အစိုးရဘက်ကလည်း ကြိုးပမ်းနေကြောင်း သိရပါတယ်။
၃ ရက်ကြာ အစိုးရနဲ့ ကေအိုင်အိုဆွေးနွေးပွဲကို အပတ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့၊ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Mr. Vjay Nambiar ၊ တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ် Mr. Wang Ying Fan တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
ကေအိုင်အိုနဲ့ အစိုးရ ၃ ရက်ကြာ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို RFA အဖွဲ့သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီနေ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
နှစ်ဖက်သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့က ဦးဒေါင်းခါးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။