ကေအိုင်အိုနဲ့ ကချင် တိုင်းရင်းသားတွေ ၃ရက်ကြာ တွေ့ဆုံ


2017.07.18

ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ လိုင်ဇာမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအိုင်အိုက တာဝန်ရှိသူတွေနဲ့ ကချင်တိုင်းရင်းသား ၅၀၀ ကျော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ ကနေ ၁၇ ရက်နေ့အထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ကချင်တိုင်းရင်းသားတွေက လက်ရှိအစိုးရနဲ့ ကေအိုင်အေတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးနေမှုအပိုင်း မှာ တိုးတက်မှု ရှိ၊မရှိ ဆိုတာတွေကို မေးမြန်းတာတွေရှိခဲ့တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးဌာနက ဒုတိယ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

"မေးခွန်းထုတ်ကြတာတော့ရှိတာပေါ့။ ဒါပေမဲ့ ကေအိုင်အိုက အခုလက်ရှိနိုင်ငံရေး အခြေအနေကတော့ ဒီအစိုးရနဲ့ ဒါမှမဟုတ်လို့ရှိရင် တပ်မတော်နဲ့ထိတွေ့ပြီးမှ တကယ့်လက်တွေ့မှာ သူတို့နဲ့ တွေ့ဆုံဆွေးနွေး တာ မရှိသေးဘူးပေါ့။ အဲ့ဒါနဲ့ပတ်သက်လို့ ပြန်ရှင်းပြထားတာပါ။"

ကချင်တိုင်းရင်းသားတွေအနေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နှစ်ကာလရှည်ကြာစွာနေထိုင်လာရတဲ့အတွက် အခက်အခဲတွေရှိနေပြီး စစ်ပြေငြိမ်းရေးကို လိုလားကြောင်း တင်ပြတာတွေရှိတယ်လို့ ပြောပါတယ်။

ကေအိုင်အိုဘက်ကလည်း စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့အတွက် စစ်ရေးနည်း အရဖြစ်ဖြစ် နိုင်ငံရေးအရဆွေးနွေးတဲ့နည်းနဲ့ဖြစ်ဖြစ် ရှေ့ဆက်သွားရမှာဖြစ်တဲ့အကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညီညွတ်သော လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်မှာဖြစ်တဲ့အတွက် UNFC ကနေ KIO က နှုတ်ထွက်လိုက်တာ ဖြစ်တဲ့အကြောင်း ကိုလည်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။