ကေအိုင်အိုနဲ့ အစိုးရ ရွှေလီဆွေးနွေးပွဲ ပြီးဆုံး

တရုတ်နိုင်ငံ ရွှေလီမြို့မှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ မနေ့က တတိယနေ့အဖြစ် ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။

2012.03.10
kio-talk-b305 ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် KIO တွေ့ဆုံဆွေးနွေးပွဲ၌ KIO အမြဲတမ်း ဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂမ် ဆွေးနွေးနေစဉ်။
RFA

နောက်ဆုံး ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို RFA က ဆက်သွယ် မေးမြန်းရာမှာ အခုလို ပြောပါတယ်။

ဦးလနန်။   ။“တွေ့ဆုံမှုကတော့ ပြီးတော့ ပြီးသွားပြီ။ ဒါပေမယ့် လက်မှတ်ထိုးတာတော့ မလုပ်သေးဘူးခင်ဗျ။ ကြေညာချက်တစ်ခု လုပ်တယ်။ အရေးကြီးဆုံးအချက်ကတော့ ပြဿနာ ဖြစ်ပွားနိုင်တဲ့ နေရာမှာ ရှိတဲ့ တပ်တွေကိစ္စကို ရက်သတ်မှတ်ပြီးမှပဲ ဆွေးနွေးကြဖို့ တိုးတက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပြဿနာတွေက ပြင်းပြင်းထန်ထန် ဖြစ်တဲ့ကိစ္စမို့ တစ်ကြိမ်နှစ်ကြိမ် တွေ့ရုံနဲ့တော့ အားလုံးက အဆင်မပြေနိုင်သေးဘူး ခင်ဗျ”

ကြေညာချက်ထဲမှာ... ငြိမ်းချမ်းရေး ဆွေးနွေးတာကို အားရကျေနပ်မှု ရှိကြောင်း၊ တစ်ကြိမ်နဲ့ တစ်ကြိမ် ဆွေးနွေးမှုဟာ တိုးတက်မှု ဖြစ်ထွန်းပြီး ယုံကြည်မှုများ တည်ဆောက်နိုင်ကြောင်း ဖော်ပြထားပါတယ်။ နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်အဖြစ် တစ်ဖက်နဲ့တစ်ဖက် စစ်ရေးအရှိန် လျော့နည်းလာမယ်လို့ ယုံကြည်ကြောင်း၊ ပြဿနာ ဖြစ်ပွားနိုင်တဲ့ ဒေသတွေက နှစ်ဖက် တပ်စခန်းတွေကိစ္စကို နှစ်ဦးနှစ်ဖက် သဘောတူညီတဲ့အထိ ဆွေးနွေးပြီး ရရှိတဲ့ သဘောတူညီချက်တွေကို ရက်သတ်မှတ် ဆောင်ရွက်သွားမယ့်အကြောင်း စသဖြင့်... အချက် ၅ ချက်နဲ့ နှစ်ဖက် သဘောတူ ထုတ်ပြန်လိုက်တာပါ။

အစိုးရတပ်တွေ လှုပ်ရှားမှု နေရာယူမှုတွေနဲ့ ပတ်သက်လို့ အရင်တစ်ကြိမ်ကလည်း ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ နောက်တစ်ကြိမ် အဲဒီလို စစ်ရေးကိစ္စတွေ ဆွေးနွေးတဲ့အခါ နှစ်ဖက်စစ်တပ်က ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးဖို့ လိုအပ်မှာဖြစ်ကြောင်း ဦးလနန်က ပြောပါတယ်။

ရွှေလီမြို့မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ လုပ်တာ အခုတကြိမ်ပါ ဆိုရင် သုံးကြိမ် ရှိပြီဖြစ်ပါတယ်။ နောက်တစ်ကြိမ် ဆွေးနွေးမယ့်နေရာနဲ့ အချိန်ကို နှစ်ဖက် ပြန်လည်ညှိနှိုင်းမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။